မာနယ်ပလော၊ ဇူလိုင် ၇
ဌာနချုပ်ဟောင်း မာနယ်ပလောကို ပြန်လည်သိမ်းပိုက်ရရှိရေးမှာ စစ်ဆင်ရေးကို ဦးဆောင်အကောင်အထည်ဖော်ခဲ့ကြတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မှူး နှစ်ဦးအပါအဝင် စစ်သည်တော်တွေကို ကော်သူးလေ ရဲစွမ်းသတ္တိဆုတံဆိပ်နဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေကို ချီးမြှင့်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
KNU ဌာနချုပ်ဟောင်းဖြစ်တဲ့ မာနယ်ပေလာဒေသမှာ နှစ်ပေါင်း ၃၀ ကြာ တပ်စွဲထားတဲ့ ဗျူဟာစခန်းအဆင့်ရှိ ပွိုင့် ၉၁၃ စစ်ကောင်စီစခန်းကို ပြန်လည်ရရှိဖို့ စနစ်တကျစီမံပြီး အောင်ပွဲနဲ့အတူ စစ်ဆင်ရေးကို ဦးဆောင်အကောင်အထည်ဖော်ခဲ့ကြတဲ့ တပ်မှူး ၂ ဦးဟာ KNLA စစ်ဌာနချုပ်က ပျောက်ကြားတပ်ဖွဲ့ တာဝန်ခံ ဒုဗိုလ်မှူးကြီးစောခင်လေးနဲ့ KNLA တပ်မဟာ ၇ တပ်ရင်း ၂၂ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောတင်မြင့်ထူးတို့ဖြစ်ကြပါတယ်။

ဒုဗိုလ်မှူးကြီးစောခင်လေးနဲ့ ဒုဗိုလ်မှူးကြီး စောတင်မြင့်ထူးတို့ကို ဇူလိုင် ၅ ရက်နေ့ ကရင်အမျိုးသားတပ်မတော်နေ့မှာ KNLA စစ်ဌာနချုပ်က ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ်ချီးမြှင့်ခဲ့ပြီး KNLA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက ဆုတံဆိပ်ချီးမြှင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မာနယ်ပလေဒေသရရှိရေးမှာ စစ်ဆင်ရေးအတွင် ရွံ့ရွံချွံချွံတိုက်ပွဲဝင်ခဲ့ကြတဲ့ အောင်ပွဲရစစ်သည်တော်တွေကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဌာနချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထိုင်း-မြန်မာနယ်စပ်နားက KNU ဗဟိုဌာနချုပ်ဟောင်း မာနယ်ပလောကို ၂၀၂၄ နှစ်ကုန်ပိုင်းက KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ကင်းစင်ရာ နယ်မြေဒေသတစ်ခု ဖြစ်လာခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

