နေပြည်တော် ၊ ဇူလိုင် ၄

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံရဲ့ စီးပွားရေးကို အရင်က ၂ ဒသမ ၅ အထိ မျှော်မှန်းထားပေမယ့် လက်ရှိအချိန်မှာ အနုတ် ၂ ဒသမ ၅ အထိ ကျဆင်းလာနိုင်တယ်လို့ ခန့်မှန်းချက်ဟာ မှန်ကန်မှု မရှိဘူးလို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝေဖန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော်ရဲ့ စီးပွားရေး တိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ သူ့လက်အောက်ခံ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က အခုလို ဝေဖန်ခဲ့တာပါ။

စစ်ခေါင်းဆောင်က နိုင်ငံတစ်ခုရဲ့ စီးပွားရေးကို GDP နဲ့ တိုင်းတာပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ မိမိတို့နိုင်ငံရဲ့ GDP ဟာ အမေရိကန် ဒေါ်လာ ၇၆ ဒသမ ၄ ဘီလီယံ ရှိခဲ့သလို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အမေရိကန် ဒေါ်လာ ၈၁ ဒသမ ၆ ဘီလီယံအထိ တိုးတက်အောင် မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

အခုလို GDP ကို ၅ ဒသမ ၂ ဘီလီယံခန့် တိုးတက်အောင် မျှော်မှန်းဆောင်ရွက်နေချိန် ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေး အနုတ် ၂ ဒသမ ၅ အထိ ကျဆင်းနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ဟာ တွက်ချက်တဲ့စာရင်း အချက်အလက်တွေ မှန်ကန်မှုမရှိတဲ့အပြင် ပြည့်စုံမှုလည်း မရှိဘူးလို့ ဝေဖန်ခဲ့တာပါ။

စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကတော့ ကမ္ဘာ့ဘဏ်ဟာ အနီးစပ်ဆုံး တွက်ချက်ထားတာ ဖြစ်တဲ့အတွက် ယတိပြတ် မမှန်ရင်တောင် အနီးစပ်ဆုံး တူညီမှု ရှိသလို လက်ရှိမှာလည်း ငွေတန်းဖိုး ကျဆင်းတာအပြင် အရေးယူပိတ်ဆို့မှုတွေကြောင့် စီးပွားရေး နလံမထူနိုင်သေးဘူးလို့ ပြောပါတယ်။

“ကမ္ဘာ့ဘဏ်က အနီးစပ်ဆုံး တွက်ချက်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ယတိပြတ်ကြီး မမှန်ရင် တောင်မှ အနီးစပ်ဆုံးကတော့ သူက တူညီတဲ့ ကိန်းဂဏန်း ခန့်မှန်းခြေကတော့ ဖြစ်နိုင်တယ်။ အဲဒါကြီးကတော့ ထင်သာမြင်သာ ကြီးပါပဲ။ တောက်လျှောက် ဆင်းလာတယ်။ ငွေတန်ဖိုး ကျဆင်းမှုတွေရော ကုန်သွယ်မှု ပြတ်တောက်တာတွေရော ဒီကမ္ဘာကြီးက အရေးယူ ပိတ်ဆို့မှုတွေ တောက် လျှောက်ချထားတာတွေရော ဘယ်လိုမှ စီးပွားရေးနာလန်မထူနိုင်ဘူး။ ဒါကြီးကို ဗြောင်ငြင်းလို့ မရဘူး။ လက်ခံရမှာပဲ” လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသတွင်းက စီးပွားရေးလုပ်ငန်းတွေဟာ ထုတ်လုပ်မှု ကုန်ကျစရိတ် ကြီးမြင့်တာ၊ ကျွမ်း ကျင်လုပ်သား ရှားပါးတာ၊ လျှပ်စစ်မီး ပုံမှန် မရရှိတာတွေကြောင့် လုပ်ငန်းပုံမှန်လည်ပတ်ဖို့တောင် အခက်အခဲရှိနေချိန် စစ်ခေါင်းဆောင်က GDP တိုးတက်အောင် လုပ်ဆောင်မယ်လို့ ပြောဆိုတာဟာ လက်တွေ့မကျဘူးလို့ သူက ဆက်ပြောပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ ပြီးခဲ့တဲ့ မတ်လက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ၂ ဒသမ ၅ ရာခိုင်နှုန်း အထိ ကျဆင်းလာနိုင်တယ်လို့ ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့မှာ ခန့်မှန်းချက် ထုတ်ပြန်ခဲ့တာပါ။

ငလျင်ကြောင့် အိမ်ခြံမြေနဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးမှုက အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံ နိုင်ငံ့ GDP ရဲ့ ၁၄ ရာခိုင်နှုန်းနီးပါး ရှိပြီး စီးပွားရေး ထွက်ကုန်တွေကလည်း အရင်အတိုင်း မရနိုင်ဘဲ ဒေါ်လာ ၂ ဘီလီယံခန့် နိမ့်ကျနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI/AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.