ကျောက်မဲ၊ ဇွန် ၂၅
TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ လေးဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။
မနေ့ ဇွန် ၂၄ ရက် ညနေပိုင်းမှာ အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့ ရပ်ကွက် ၃ နဲ့ ရပ်ကွက် ၇ ရှိ အရပ်သားပြည်သူတွေကို ဦးတည်ကာ ဂျက်ဖိုက်တာ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံး လာရောက်ကြဲချခဲ့တာပါ။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့ပေါ်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ်တွေအပါအဝင် အရပ်သား ၁၄ ဦး ဒဏ်ရာရရှိခဲ့သလို နေအိမ် ၄၉ လုံးနဲ့ စာသင်ကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲခဲ့တဲ့ နေရာတွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အဲဒီရပ်ကွက်တွေရှိ ပြည်သူလူထုတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ကာ လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့ကလည်း နမ္မတူမြို့နယ် မန်လီကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဘုန်ကြီးကျောင်းနဲ့ စာသင်ကျောင်းအပါအဝင် အရပ်သား နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

