မော်စကို၊ ဇွန် ၁၃

ယူကရိန်း စစ်ပွဲအတွင်း အဓိက အခန်းကဏ္ဍက ပါဝင်လာပြီ ဖြစ်တဲ့ ဒရုန်းတွေကို အလျင်အမြန် ထုတ်လုပ်ပြီး စစ်တပ်ထဲမှာ သီးခြား ဒရုန်းတပ်ဖွဲ့တွေ ချထားဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဇွန် ၁၂ ရက်မှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

စစ်ပွဲအတွင်း ဒရုန်းတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်လာနေပြီ ဖြစ်တဲ့အတွက် မိမိတို့အနေနဲ့ အဆင့်မြင့်ဒရုန်းတွေကို အလျင်အမြန် ထုတ်လုပ်ပြီး စစ်မြေပြင်သို့ ချထားသင့်တယ်လို့ သမ္မတ ပူတင်က ပြောပါတယ်။

သုံးနှစ်ကျော်ကြာ စစ်ပွဲအတွင်း နှစ်ဖက်စလုံးက ဒရုန်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာပါ။

မကြာသေးခင်က ရုရှားနိုင်ငံအတွင်း နက်နက်ထဲအထိ ယူကရိန်းက ထိုးဖောက်ဝင်ရောက်ပြီး ရုရှား ဗုံးကြဲလေယာဉ်တွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု များခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း ဒရုန်းတွေကို ပြည်တွင်းမှာ အဆင့်မြင့် ထုတ်လုပ်နိုင်ဖို့ အရေးကြီးကြောင်း ပြောထား ဖူးပါတယ်။

ကြီးမားတဲ့ ဒရုန်းတပ်ဖွဲ့ တစ်ဖွဲ့ တည်ဆောက်ရေး ၂၀၂၅ ခုနှစ် တတိယ သုံးလပတ် ကာလလောက်မှာ ဖြစ်လာနိုင်တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

ပူတင်က ရုရှားစစ်တပ်အနေနဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ထုတ်လုပ်ဖို့လည်း အရေးကြီးတယ်လို့ ပြောပါတယ်။

ဘယ်လို လက်နက် အမျိုးအစား မဆို ထိရောက်စွာ တိုက်ခိုက်နိုင်ဖို့ အရေးကြီးတယ်လို့ ပူတင်က ပြောကြားပြီး ကြည်း၊ ရေ၊ လေ လက်နက်တွေကို ဗျူဟာကျကျ ချထားဖို့လည်း တိုက်တွန်း ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.