နောင်ချို၊ မေ ၁၉
TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီရဲ့ ဒရုန်းနဲ့ဗုံးသီးကြဲချ တိုက်ခိုက်မှုကြောင့် ဒေသခံ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေ ၁၇ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်ခန့်မှာ နောင်ချိုမြို့နယ် တောင်ကျကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ဒရုန်းနဲ့ လာရောက် ဗုံးကြဲချခဲ့တာပါ။

စစ်ကောင်စီတပ်က ဒရုန်းနဲ့ သုံးကြိမ်၊ ဗုံးသီး ငါးလုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA က ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ အပစ်ရပ်ကာလ တစ်လထပ်တိုးထားပေမယ့် နိုင်ငံတစ်ဝန်းမှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကို နေ့စဉ် ပြုလုပ်နေပါတယ်။

ဒါ့ကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီက အပစ်ရပ်ကာလ ထပ်တိုးထားပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေတာကြောင့် လေကြောင်းရန် အန္တရာယ်နဲ့ စစ်ရေးသတိ အမြဲရှိကြဖို့ TNLA က တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

