ပေါင်၊ ဖေဖော်ဝါရီ ၇

မွန်ပြည်နယ် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာနဲ့မိုးနိုင်းကျေးရွာအစပ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က တံတားတစ်ခုအောက်မှာ မိုင်းအများအပြားတွေ့ရှိပြီးနောက် ဒေသခံ ၂၀ ထက်မနည်း ဖမ်း ဆီးခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံက စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ဖေဖော်ဝါရီ ၃ ရက်နေ့ကစပြီး ပေါင်မြို့ပေါ်၊ ဇင်းကျိုက်နဲ့ ဥတ္တံတားကျေးရွာတို့မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ဒေသခံလူငယ်တွေကို ဆက်တိုက်ဖမ်းဆီးခဲ့တာပါ။

ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ ဖမ်းဆီးခံရသူတွေထဲမှာ ဥတ္တံတားကျေးရွာက လူငယ်တွေ အများဆုံးပါဝင်ပြီး ဖမ်းဆီးခံရသူအများစုဟာ အသက် ၂၀ အရွယ်နဲ့ ၄၀ ဝန်းကျင်အရွယ်တွေသာ ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေကို ပေါင်မြို့မရဲစခန်းနဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောရေးတွေမှာ ဖမ်းဆီးစစ်ဆေးနေပြီး မိသားစုနဲ့လည်း အဆက်အသွယ်မရကြဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ မနက်ပိုင်းက ပေါင်မြို့နယ် ဥတ္တံတားကျေးရွာနဲ့မိုးနိုင်းကျေးရွာအစပ် တံတားအောက်မှာ ဖျက်အားပြင်း လက်လုပ်မိုင်း ၁၂ လုံးကို စစ်ကောင်စီတပ်က ရှာဖွေတွေ့ရှိပြီးနောက် သိမ်းဆည်းသွားခဲ့တာပါ။

တံတားအောက်မှာ မိုင်းတွေ့ရှိပြီးနောက် ဇင်းကျိုက်နယ်မြေရဲစခန်း၊ ပေါင်မြို့မရဲစခန်းအရှေ့တွေမှာ စစ်ကောင်စီဘက်က ညတိုင်းနီးပါး စစ်ဆေးမှုတွေလုပ်ဆောင်ပြီး ရပ်ကွက်ကျေးရွာတချို့မှာလည်း ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ရှိနေတာပါ။

လဂွန်းအိမ်စာစဉ်ရဲ့ အစီရင်ခံစာအရ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ဇန်နဝါရီလ တစ်လအတွင်း အရပ်သားပြည်သူ ၈၆ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.