ဗီယန်ကျန်း၊ အောက်တိုဘာ ၁၀

အာဆီယံအနေနဲ့ နေပြည်တော်ရှိ စစ်ကောင်စီ တစ်ခုတည်းနဲ့ စေ့စပ်နေမယ့်အစား အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ စေ့စပ်ညှိနှိုင်းသင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ကာဆစ် ပီရွမ်ယာက ပြောကြားပြီး အာဆီယံကို ဝေဖန်လိုက်ပါတယ်။

အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေဟာ အောက်တိုဘာ ၉ ရက်က လာအိုနိုင်ငံ ဗီယန်ကျန်း မြို့မှာ စုဝေးပြီး မြန်မာ့ပြဿနာနဲ့ တခြားဒေသဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

စစ်ကောင်စီက အဲဒီ ညီလာခံသို့ သူတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အောင်ကျော်မိုးကို စေလွှတ်ခဲ့ပါတယ်။

စစ်ကောင်စီ အရမ်းအားနည်းနေတဲ့ အနေအထားမှာ အာဆီယံအနေနဲ့ အခုအချိန် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ကြောင်း၊ နယ်စပ်ဒေသ အများစုကို မထိန်းချုပ်နိုင်တော့တဲ့ စစ်ကောင်စီရဲ့ ပကတိ အခြေအနေကြောင့် အခုအချိန်မှာ တရုတ်နဲ့ အိန္ဒိယတို့က သူတို့ရဲ့ မူဝါဒတွေကို ပြန်ထိန်းညှိနေကြပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း အကြံပေး ရစ်ချက် ဟိုဆေးက DVB သတင်းဌာနသို့ ပြောကြားပါတယ်။

အာဆီယံ ခေါင်းဆောင်ပိုင်းက တစ်စိတ်တစ်ပိုင်းဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ဆွေးနွေးဖို့ တွန့်ဆုတ်နေကြတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော် APHR ဘုတ်အဖွဲ့ဝင်လည်း ဖြစ်သူ ကာဆစ် ပီရွမ်ယာက ပြောကြားခဲ့ပါတယ်။

အာဆီယံရဲ့ ချဉ်းကပ်မှုဟာ ဟန်ချက်မညီသလို ဖြစ်နေပြီး မင်းအောင်လှိုင်အနေနဲ့ သူလုပ်ချင်တာ မှန်သမျှကို လုပ်ဖို့ လွတ်လပ်ခွင့်တွေ အများကြီး ရရှိနေတာက ရှက်စရာကောင်းတယ်လို့ ဘုတ်အဖွဲ့ဝင် ပီရွမ်ယာက ပြောဆိုထားပါတယ်။

အာဆီယံအနေနဲ့ မြန်မာတိုင်းရင်းသားတွေ အပါအဝင် လူထု တစ်ရပ်လုံးရဲ့ ပြင်းပြတဲ့ ဆန္ဒကို လေးစားရမှာဖြစ်ပြီး ဒီမိုကရေစီအစိုးရ ပြန်လည် ပေါ်ပေါက်လာရေး ကူညီပေးရမယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီက ၂၀၂၅ ခုနှစ် နိုဝင်ဘာမှာ ရွေးကောက်ပွဲ ကျင်းပဖို့ မဝံ့မရဲ စီစဉ်နေတာကြောင့် စစ်တပ်ဦးဆောင်တဲ့ အစိုးရ ပေါ်ပေါက်လာလို့ မရဘူးလို့လည်း သူက ထပ်လောင်း ပြောဆိုပါတယ်။

မြန်မာ့ပြဿနာနဲ့ ပတ်သက်လို့ ဒေသဆိုင်ရာ ဆွေးနွေးပွဲ တစ်ရပ်ကို လာမယ့် ဒီဇင်ဘာမှာ လက်ခံ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒီ ဘာလန်ဂူရာက ပြောကြားထားပါတယ်။

Ref:DVB

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.