ဆစ်ဒနီ၊ အောက်တိုဘာ ၁၀
မြန်မာပြည်တွင်းစစ်ကို တားဆီးဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေ အလုပ်မဖြစ်ဘူးဆိုတာ ရှင်းနေတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူ တစ်ဦးက အောက်တိုဘာ ၁၀ ရက်မှာ ပြောကြားလိုက်ပြီး နိုင်ငံတကာခေါင်းဆောင်တွေအနေနဲ့ စစ်ကောင်စီကို ငွေကြေး၊ လက်နက်နဲ့ တရားဝင်မှု မရရှိအောင် ပြုလုပ်ရေး တိုက်တွန်းလိုက်ပါတယ်။
အခြေအနေက ဆိုးရာကနေ ပိုဆိုးလာပြီး ကြောက်စရာကောင်းတဲ့ အခြေအနေသို့ ရောက်ရှိလာတယ်လို့ ကုလ အထူးကျွမ်းကျင်သူ တွမ် အန်ဒရူးက ပြောဆိုလိုက်တာပါ။

လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံညီလာခံမှာ အာဆီယံ ခေါင်းဆောင်တွေက မြန်မာ့အရေးကို အလေးထား ဆွေးနွေးနေပြီး စစ်ကောင်စီ၊ တော်လှန်ရေး အင်အားစုတွေအနေနဲ့ သွေးချောင်းစီးမှုတွေ ရပ်တန့်ဖို့ ခိုင်မာတဲ့ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ရေး တိုက်တွန်းခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ သူတို့အပေါ် ဆန့်ကျင်သူတွေကို နှိမ်နှင်းတဲ့အနေနဲ့ လူပေါင်း ၂၀၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ အမေရိကန် လွှတ်တော်အမတ်ဟောင်း တစ်ဦးလည်း ဖြစ်သူ တွမ် အန်ဒရူးက ပြောဆိုခဲ့တာပါ။
စစ်ကောင်စီဟာ လက်နက်အင်အား သာလွန်ပေမယ့် ဒေသများစွာရှိ လက်နက်ကိုင်အဖွဲ့တွေကို ထိန်းချုပ် မရ ဖြစ်နေပါတယ်။

စစ်တပ်ဟာ စစ်စခန်းတွေနဲ့ နယ်မြေတွေ အများကြီးကို လက်လွှတ်ဆုံးရှုံးနေရပြီး နိုင်ငံတကာရဲ့ ကျယ်ပြန့်တဲ့ ပြစ်တင်ရှုတ်ချမှုနဲ့ ရင်ဆိုင်နေရပါတယ်။
သြစတြေးလျ ခရီးစဉ်အတွင်း တွမ် အန်ဒရူးက စစ်ကောင်စီဟာ စစ်မြေပြင်မှာ တပ်ဖွဲ့ဝင် သောင်းနဲ့ချီ ဆုံးရှုံးနေပြီး စစ်သား အင်အား ဖြည့်တင်းရေး စစ်မှုထမ်းဥပဒေကို အသုံးချနေတယ်လို့ ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီဟာ သူတို့ရဲ့ ရှုံးနိမ့်မှုတွေအတွက် အရပ်သား ပစ်မှတ်တွေကို အရှိန်မြှင့်တိုက်ခိုက်ပြီး တုံ့ပြန်နေကြောင်း၊ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၅၆၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ သူက ဖြည့်စွက် ပြောဆိုပါတယ်။
ဒေသဆိုင်ရာနဲ့ ကမ္ဘာလုံးဆိုင်ရာ အင်အားကြီးနိုင်ငံတွေ အနေနဲ့ စစ်ကောင်စီအပေါ် ဥပဒေဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာနဲ့ ကုန်သွယ်ရေး ဆိုင်ရာ အရေးယူ ပိတ်ဆို့မှုတွေ ထပ်မံ ပြုလုပ်ကြဖို့ တွမ် အန်ဒရူးက တိုက်တွန်းပြီး နိုင်ငံတကာရဲ့ အရေးယူမှု အကြီးအကျယ် လိုအပ်နေပါတယ်လို့ ပြောပါတယ်။
အရေးပေါ် ညီလာခံ တစ်ရပ် ကျင်းပရေး သူက တိုက်တွန်းပြီး မြန်မာ ပဋိပက္ခအတွက် နိုင်ငံတကာရဲ့ အရေးယူ ဆောင်ရွက်မှုတွေ အလုပ်မဖြစ်ဘူးဆိုတာ ရှင်းနေတယ်လို့ ပြောကြားပါတယ်။
သြစတြေးလျနဲ့ စိတ်တူကိုယ်တူ နိုင်ငံတွေအနေနဲ့ စစ်ခေါင်းဆောင်တွေကို သူတို့ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေ လူမျိုးတုန်း သတ်ဖြတ်မှုတွေအတွက် သည်ဟေ့ဂ်မြို့ရှိ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးမှာ တရားစွဲဆို အပြစ်ပေးနိုင်ရေး ဆောင်ရွက်သင့်တယ်လို့ တွမ် အန်ဒရူးက ပြောဆိုထားပါတယ်။
Ref:AFP

