ကောလင်း၊ အောက်တိုဘာ ၁၀

စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ နောက်ဆုံးအခြေပြု ရဲစခန်းအတွင်းမှ ဘိန်းဖြူခွက်ရေ အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပင်လည်ဘူးမြို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဩဂုတ် ၁၅ ရက်နေ့မှစပြီး စတင်တိုက်ခိုက်ခဲ့ကာ အချိန်နှစ်လနီးပါးအကြာ ၅၃ ရက်မြောက်နေ့ အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းမှာ တစ်မြို့လုံးကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူနဲ့ မိသားဝင်တွေ ရိက္ခာပြတ်လတ်လာတာကြောင့် ဆုတ်ခွာခွင့်ပြုဖို့ တောင်းခံလာတဲ့အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး လက်နက်ချသူတွေကို ဝန်းသိုမြို့ကို ဆုတ်ခွာခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေထံမှ လက်နက် ၄၀၀ ကျော် သိမ်း ဆည်းရမိခဲ့ပြီး စစ်ကူလာတဲ့ စစ်ကြောင်းတစ်ခုလုံးကို ချေမှုန်းနိုင်ခဲ့ပြီး စစ်သုံ့ပန်းအမြောက်အများ ဖမ်းဆီးရမိခဲ့တဲ့အပြင် လာရောက်အလင်းဝင် ပူးပေါင်းတဲ့ စစ်ကောင်စီတပ်သားတွေလည်း ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်သားတွေရဲ့ နောက်ဆုံးအခြေပြု ခံစစ်ရဲစခန်းအတွင်းမှ ဘိန်းဖြူခွက်ရေ ၈၀ နီးပါး သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို အမှတ် ၁ စစ်ဒေသ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကွပ် ကဲမှုအောက်ရှိ လှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့၊ ကန့်ဘလူးခရိုင် လှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့၊ ရွှေဘိုခရိုင် ဒရုန်းတပ်ဖွဲ့နဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့၊ ဒေသခံ ကောလင်းခရိုင် လှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – စစ်ကိုင်းတိုင်း ပကဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.