မော်လမြိုင် ၊ စက်တင်ဘာ ၁၀

အာဏာသိမ်းကာလအတွင်း သမိုင်းတလျှောက် မကြုံဖူးတဲ့ စံချိန်တင်ဈေးနှုန်းတွေအထိ ရောက်ရှိခဲ့တဲ့ ပြည်တွင်းဒေါ်လာနဲ့ရွှေဈေးဟာ စက်တင်ဘာပထမအပတ်ကစပြီး ဆက်တိုက်ကျဆင်းလာပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်ဒုတိယအပတ်က တစ်ဒေါ်လာ ကျပ် ၇၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးဟာ အခုအခါမှာတော့ တစ်ဒေါ်လာကို ကျပ် ၅၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းကျဆင်းလာတာပါ။

ပြည်တွင်းမီးလင်းအခေါက်ရွှေကလည်း တစ်ကျပ်သားကို ကျပ် သိန်း ၈၀ ကျော်ကနေ ကျပ် ၆၃ သိန်းဝန်းကျင်အထိ ဈေးနှုန်းကျဆင်းလာတာ ဖြစ်ပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးကတော့ နိုင်ငံခြားငွေကြေးဈေးနှုန်းတွေ စံချိန်တင်မြင့်တက်ခဲ့တာဟာ စစ်ကောင်စီက နိုင်ငံခြားငွေလဲလှယ်တဲ့ ဈေးကွက်ကို ထိန်းချုပ်ထားတာကြောင့်ဖြစ်သလို ဈေးနှုန်းထပ်ကျဖို့ နိုင်ငံခြားငွေကြေးဈေးကွက်ကို လွှတ်ပေးသင့်တယ်လို့ ထောက်ပြပါတယ်။

“ငွေလဲလှယ်နှုန်းဆိုတာဟာ ဈေးနှုန်းအကုန်လုံးရဲ့ တကယ့်ခေါင်ချုပ်မိခင်ကြီးပဲ။ ဆိုတော့ ဒီငွေလဲ လှယ်နှုန်းတွေကို သွားပြီးတော့ ထိန်းချုပ်လိုက်တာဟာ နိုင်ငံခြားငွေလဲလှယ်တဲ့ ဈေးကွက်ကို ပျက်စေတာပေါ့။ အမှန်ကတော့ ဈေးကွက်စီးပွားရေးစနစ်လုပ်နေပြီး ဈေးကွက်စီးပွားရေးဆိုတာ ကိုယ်အတွက်ပဲ မဟုတ်ဘူး။ ကွန်မြူနစ်နိုင်ငံတွေတောင် ဈေးကွက်စီးပွားရေးပဲ လုပ်နေတာပဲ။ ဈေးကွက်ကိုတော့ လွှတ်ပေးသင့်တယ်။ ပထမဆုံး လွှတ်ပေးရမှာက ဒီနိုင်ငံခြားငွေကြေးဈေးကွက်၊ သူတို့က နိုင်ငံခြားငွေကြေးဈေးကွက်ကို ထိန်းထားလို့ ဈေးကိုထိန်းနိုင်တယ်လို့ ထင်တာ”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ထိန်းချုပ်ထားတဲ့ ဈေးကွက်တွေကို လွှတ်ပေးလိုက်ပါက ဒေါ်လာအပါအဝင်တခြား နိုင်ငံခြားငွေကြေးတွေနဲ့ ရွှေတွေကအစ ဈေးနှုန်းသိသိသာသာ ကျဆင်းလာမှာဖြစ်သလို ဒီအတိုင်းဆက်သွားပါက လက်ရှိဈေးနှုန်းကျဆင်းခြင်းဟာ ကာလတိုကျဆင်းခြင်းသာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာတော့ ဒေါ်လာနဲ့ ရွှေဈေးကွက်အတွင်း ဈေးနှုန်းထပ်ကျမှာကို စိုးရိမ်ပြီး ပြန်လည်ရောင်းချတာတွေရှိသလို အကျဈေးဘက်မှာ ဈေးနှုန်းမတည်ငြိမ်သေးတဲ့အတွက် အရောင်းအဝယ် ရပ်နားထားတာတွေရှိတယ်လို့ ရွှေလုပ်ငန်းရှင်တွေထံက သိရပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ နိုင်ငံခြားငွေကြေးဈေးနှုန်းနဲ့ ရွှေဈေးနှုန်းတွေ မြင့်တက်အောင် လုပ်ဆောင်တယ်ဆိုပြီး ပြီးခဲ့တဲ့လပိုင်းအတွင်းက လုပ်ငန်းရှင်တွေကို ဖမ်းဆီးတာတွေရှိသလို လက် ရှိအချိန်အထိ စောင့်ကြည့်တာတွေ လုပ်ဆောင်နေတာကြောင့် မှောင်ခိုဈေးကွက်နဲ့သာ အရောင်း အဝယ် လုပ်ဆောင်နေရတာပါ။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမသိမ်းခင်က တစ်ဒေါ်လာ ကျပ် ၁၃၀၀ ၊ ရွှေတစ်ကျပ်သား ကျပ် ၁၃ သိန်းဝန်းကျင်သာရှိခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းကာလအတွင်း ၅ ဆကျော်အထိ ဈေးနှုန်းမြင့်တက်လာပြီး ဈေးနှုန်းမတည်ငြိမ်မှု နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.