ရေဖြူမှာ လက်နက်ကြီးကျလို့ မောင်နှမနှစ်ဦးသေဆုံး

0
14

ရေဖြူ၊ မေ ၁၅

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဇာဒီကျေးရွာထဲကို ဒီနေ့ မေ ၁၅ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် မောင်နှမနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အုန်းပင်ကွင်းကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ မောရဝတီရေတပ်ကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့် ဇာဒီကျေးရွာ သစ်လှတောရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်လုံးအပေါ် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

“စကစ လက်နက်ကြီးက အိမ်ပေါ် တည့်တည့်ကျတာ။ အိမ်တစ်ခြမ်းလည်း မီးလောင်သွားတယ်။ အိမ်ထဲမှာရှိနေတဲ့ မောင်နှမ နှစ်ယောက်လည်း တစစီနီးပါးလောက်ဖြစ်သွားတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် အသက် ၁၆ နှစ်အရွယ် မောင်ဇော်မျိုးအောင်နဲ့ အသက် ၁၁ နှစ်အရွယ် မပွင့်ပွင့် မောင်နှမ နှစ်ဦးဟာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေ ၈ ရက်နေ့ကလည်း စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလိန်အောင် အမှတ် ၃ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အဘွားအိုတစ်ဦး ဝမ်းဗိုက်ထိမှန်ဒဏ်ရာရရှိခဲ့ပြီးနောက် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.