မြစ်ကြီးနားအကျဉ်းထောင်က ထောင်ဝန်ထမ်း ၅ ဦးကို စစ်တပ် ဖမ်းဆီး

0
38

မြစ်ကြီးနား၊ ဧပြီ ၂၆

ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တဲ့ ထောင်းတွင်း ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်က အကျဉ်းထောင်ဝန်ထမ်း ၅ ဦးကို ဖမ်းဆီးလိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။

အကျဉ်းထောင်တွင်း ဆန္ဒပြမှု ဖြစ်ပွားပြီးနောက်ပိုင်း ထောင်ပိုင်လေး ဦးကျော်မင်းဦး၊ ထောင်ဆေးရုံဆရာဝန် ဦးထွန်းထွန်းအောင် အပါအဝင် အကျဉ်းထောင်ဝန်းထမ်း ၅ ဦးကို ဧပြီ ၂၄ ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရတာပါ။

ထောင်တွင်းဆန္ဒပြမှုအတွင်း အကြမ်းဖက်ဖြိုခွင်းမှုကိစ္စမှာ ထောင်ပိုင်လေးနဲ့ ထောင်ဆရာဝန်အပါအဝင် အကျဉ်းထောင်ဝန်ထမ်း ၅ ဦးကြောင့် အကျဉ်းသားတွေ သေဆုံးရတဲ့အပေါ် အဓိက ပါဝင်ပတ်သက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးလိုက်တာလို့ PPNM ပြောခွင့်ရ ကိုသိုက်ထွန်းဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်မှာ  ဖြစ်ပွားခဲ့တဲ့ ထောင်တွင်းဆန္ဒပြပွဲမှာ အကျဉ်းထောင်တာဝန်ခံနဲ့ ထောင်ဝန်ထမ်းတွေမှ ပြေလည်အောင် ဖြေရှင်းပေးခြင်းမရှိဘဲ ရဲနဲ့စစ်သားတွေပါ ပူးပေါင်းပြီး ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာ ဖြစ်ကြောင်းနဲ့ ဒီဖြစ်စဉ်မှာ ရဲနဲ့စစ်သားတွေမှာလည်း တာဝန်ရှိတယ်လို့ PPNM က ဆိုပါတယ်။

အကျဉ်းဦးစီးဝန်းထမ်း၊ ရဲနဲ့စစ်သားတွေရဲ့ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် နိုင်ငံရေးအကျဉ်းသားအပါအဝင်  အကျဉ်းသားတွေဖြစ်တဲ့ ကိုကျော်စိုးဝင်း၊ ကိုအောင်နိုင်ထွန်း၊ ဦးညွှန့်ဌေးနဲ့ ဦးထွန်းဝင်းတို့ သေဆုံးခဲ့သလို အသက်အန္တရယ်စိုးရိမ်ရပြီး ဒဏ်ရာရ အကျဉ်းသားတစ်ဦးဖြစ်တဲ့ ကိုယိန်းဘောမ်လည်း ဧပြီ ၂၁  ရက်မှာ ထပ်မံသေဆုံးခဲ့တယ်လို့ PPNM က အသိပေးထားပါတယ်။

ဒါအပြင် ဆန္ဒပြမှုမှာ ပါဝင်တဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဉ်းသား ၁၉ ဦးကို တိုက်ပိတ်ထားပြီး ထောင်တွင်း ပြစ်ဒဏ်အမိန့်ချရန် ပြင်ဆင်နေပြီး အဲ့ဒီအကျဉ်းသားတွေကို ပါဆယ်ပို့ခွင့်လည်း ပိတ်ခံထားရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ထောင်တွင်းဆန္ဒပြပွဲမှာ အကျဉ်းဦးစီး ဝန်ထမ်းတွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ၅ ဦး သေဆုံးခဲ့ပြီး ၁၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PPNM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.