ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား နှစ်စင်းလုံး ဆက်ပိတ်ထား

0
35

မြဝတီ၊ ဧပြီ ၂၆

စစ်ရေးအခြေအနေကြောင့် ကရင်ပြည်နယ် မြဝတီမြို့က ထိုင်း-မြန်မာ အမှတ် ၁ နဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတား နှစ်စင်းလုံးကို ဧပြီ ၂၆ ရက်နေ့အထိ မြန်မာဘက်ခြမ်းက ဆက်လက်ပိတ် ထားဆဲဖြစ်တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ထိုင်း-မြန်မာ နယ်စပ် မြဝတီရှိ အမှတ် ၂ ချစ်ကြည်ရေးတံတားမှာ ဧပြီ ၁၉ ရက်ညပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် ဒေသခံပြည်သူထောင်ချီ ထိုင်းဘက်ကို စစ်ပြေးရှောင်ခဲ့ရပါတယ်။

ဒီလို ပြင်းထန်တဲ့ တိုက်ပွဲအခြေအနေတွေကြောင့် အမှတ် ၂ တံတား နယ်စပ်ဂိတ်ကို ပိတ်ထားခဲ့ရသလို တိုက်ပွဲဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ မြန်မာဘက်ခြမ်းက အမှတ် ၁ တံတား နယ်စပ်ဂိတ်ကိုလည်း စစ်ကောင်စီက ပိတ်ပင်ထားလိုက်ပြီး ဧပြီ ၂၆ ရက်အထိ ပြန်လည်ဖွင့်လှစ်တာ မရှိသေးဘူးလို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

“အမှတ် ၁ တံတားမှာ ထိုင်းဘက်ကတော့ ပုံမှန်ဖွင့်ပါတယ်။ မြန်မာဘက်ကတော့ မဖွင့်သေးဘူး။ မဲဆောက်ကနေ မြဝတီပြန်လို့ရတယ်။ မြဝတီကနေ မဲဆောက် လာမရသေးဘူး” လို့ နယ်စပ် သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

တံတားပိတ်ထားတဲ့အတွက် နယ်စပ်ဖြတ်ကူ သွားလာနေထိုင်တဲ့ ဒေသခံပြည်သူတွေအတွက် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဧပြီ ၂၅ ရက် ညပိုင်းအချိန်က မြဝတီမြို့အနီး လေးကေကော်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွား နေပြီး စစ်ကောင်စီတပ်က လေးကေကော်နဲ့ လက်ခတ်တောင်ဘက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သလို ဧပြီ ၂၆ ရက်နေ့အထိ နှစ်ဖက်စစ်ရေး တင်းမာမှုတွေ ဆက်ရှိနေတဲ့အတွက် မင်းလက်ပံ ထီးမယ်ဝါးခီး လေးကေကော်က ဒေသခံတွေဟာ တိမ်းရှောင်နေထိုင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လက်ရှိမှာ မြဝတီမြို့ အနီးရှိ ခလရ ၂၇၅ တပ်ရင်းကို စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့က ပြန်လည်တပ်စွဲနေထိုင်နေပြီး မြဝတီမြို့ကို အလုံးစုံထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်က အင်အားအများအပြားပါတဲ စစ်ကူတွေကို ပို့လွှတ်ခဲ့ရာ KNLA ပူးပေါင်းတပ်က ဖြတ်တောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.