တော်လှန်ရေးဒေသတွေမှာ သတင်းသမားတွေ လွတ်လပ်စွာသတင်းရယူခွင့်ကို အာမခံဖို့ IPCM တိုက်တွန်း

0
42

မော်လမြိုင်၊ဧပြီ ၂၆

စစ်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားနယ်မြေနဲ့ ဒေသအသီးသီးမှာ သတင်းသမားတွေရဲ့ လုံခြုံရေး သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာသတင်းရယူခွင့်ကို အာမခံပေးဖို့ လွတ်လပ်သော မြန်မာ သတင်းမီဒီယာကောင်စီ IPCM က သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC နဲ့ ဧပြီလ ၂၁ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU တို့ရဲ့ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး IPCM က အသိပေးခဲ့တာပါ။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီး သတင်းသမားတွေရဲ့ လုံခြုံရေးနဲ့ သတင်းလွတ်လပ်ခွင့်အပေါ် ခြိမ်းခြောက်မှုတွေရှိနေတယ်ဆိုပြီး မြန်မာသတင်းမီဒီယာနဲ့ သတင်း ထောက်တွေကြား စိုးရိမ်မှုတွေဖြစ်ပေါ်နေတယ်လို့ ဆိုထားပါတယ်။ 

“တချို့ထုတ်လာတဲ့ ကြေညာချက်တွေက သတင်းရယူခွင့်ကို အဟန့်အတားဖြစ်စေတယ်။ အဲဒါမျိုးတွေကို ကျွန်တော်တို့ကလက်ခံမှာမဟုတ်ဘူး။ညှိနှိုင်းဆောင်ရွက်သွားမယ်”လို့ IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ 

ဒါ့အပြင် သတင်းမီဒီယာကောင်စီမှာ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီဖွဲ့စည်းပြီး အမျိုးသားညီ ညွတ်ရေးအစိုးရ NUG အပါအဝင် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးသွားမှာဖြစ်တယ်လို့သူက ပြောပါသေးတယ်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ရည်မှန်းချက်ထားတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေ နဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် စံနှုန်းတွေ၊တန်ဖိုးတွေကို လေးစားပြီးကျင့်သုံးကြဖို့လည်း IPCM က တိုက်တွန်းထားပါတယ်။ 

မြန်မာသတင်းမီဒီယာကောင်စီအနေနဲ့ သတင်းသမားတွေစောင့်ထိန်းရမယ့် ကျင့်ဝတ်ကို လိုက်နာ ကျင့်သုံးဖို့ တိုက်တွန်းထားပြီး လာမယ့် မေလ ၃၁ ရက်နေ့ (ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့်နေ့) မှာ သတင်းသမားတိုင်းလိုက်နာသင့်တဲ့ ကျင့်ဝတ်ကို IPCM အနေနဲ့ ထုတ်ပြန်သွားဖို့ရှိတယ်လို့ အသိ ပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – IPCM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.