ဖာပွန်အခြေစိုက် ခမရ ၄၃၄ တပ်ကို KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်

0
26

ဖာပွန်၊ ဧပြီ ၂၆

ကရင်ပြည်နယ် ဖာပွန်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၄၃၄ တပ်ရင်းကို KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က တစ်ရက်ထဲ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ တပ်မဟာ ၅ က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၂၄ ရက်နေ့က ဆင်နွှဲခဲ့တဲ့ ခမရ ၄၃၄ တပ်ရင်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံတပ်တွေဖြစ်တဲ့ KNLA ၊ KNDO အပြင် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် BPLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF  တို့လည်း ပူးပေါင်းပါဝင်ခဲ့တာပါ။

ခမရ ၄၃၄ တပ်ရင်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီထံကနေ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ပေမယ့် အသေးစိတ်အချက်အလက်ကို မကြာမီအချိန်မှာ ဖော်ပြပေးသွားမယ် လို့ ထုတ်ပြန်ထားပါတယ်။

“လုပ်ငန်းရဲ့ လုံခြုံရေးအရ ရှေ့ဆက်လုပ်ဆောင်သွားမယ့် လုပ်ငန်းများအပေါ် လုပ်ငန်းဖြစ် မြောက်ခဲ့သမျှကို ကောက်ကာငင်ကာ ထပြီးမဖော်ပြချင်သေးဘူး။ သို့ပေသိ လတ်တလော ဖြစ်ပေါ်နေတဲ့ ပြည်သူတွေ စိတ်ကုန်လက်ပန်းကျစရာ အကြောင်းအရာတွေ တွေ့နေရတော့ မဖော်ပြမဖြစ် ဖေါ်ပြပေးရခြင်းဖြစ်တယ်” လို့ ရှေ့တန်းစစ်မျက်နှာရှိ ဗိုလ်အယ်ခူစိုးက ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

အဲဒီတပ်ရင်းစခန်း မသိမ်းပိုက်ခင်နဲ့ သိမ်းပိုက်ရသွားပြီးနောက်ပိုင်း ဖာပွန်ခရိုင်အတွင်းရှိ မြို့နယ် ၃ မြို့နယ်လုံးမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာ တွေကို အရင်ကထက် ပိုမိုလုပ်ဆောင်လာပြီး ပြည်သူလူထု ထိခိုက်မှုမရှိခဲ့ကြောင်း ထုတ်ပြန် ချက်အရ သိရပါတယ်။

ဖာပွန်မြို့အနီးရှိ စစ်ကောင်စီတပ် ခလရ ၁၉ ၊ ခမရ ၄၃၄၊ ၆၄၂ တပ်ရင်းတို့ကို KNLA တပ်မဟာ ၅ က တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ကျန်ရှိနေသည့် ဖာပွန်အခြေချ စစ်ဗျူဟာနဲ့ တပ်ရင်း ၂ ရင်းတို့ကို ဆက်လက်ဝိုင်းရံ ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNLA , BPLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.