ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ အရှိန်မြှင့်မယ်လို့ CNO အသိပေး

0
31

ကန်ပက်လက်၊ဧပြီ ၂၄

ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ်က ကျင်ဒွေးမြို့ကိုသိမ်းပိုက်နိုင်ဖို့ အရှိန်မြှင့် လုပ်ဆောင် သွားမယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး ချင်းညီနောင်စစ်ဆင်ရေးအဖြစ် တော်လှန်ရေး ပူးပေါင်းတပ် တွေက တိုက်ခိုက်နေသလို အာရက္ခတပ်တော် AA ကလည်း ကူညီပေးနေတဲ့အတွက် မြို့သိမ်း တိုက်ပွဲကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုထားတာပါ။

မြို့သိမ်းတိုက်ပွဲစတင်ဖော်ဆောင်ချိန်မှာ ကျင်ဒွေးမြို့နဲ့ ၁ ကီလိုမီတာသာ ဝေးတဲ့ အရှေ့ဘက် ကားလမ်းမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး မြို့ကိုပိတ်ဆို့တိုက်ခိုက်ချိန်မှာလည်း စစ်ကောင်စီဘက်က ရဟတ်ယာဉ် ၂ စီးနဲ့ ၆ ကြိမ်တိုင် အင်အားဖြည့်တင်းတာတွေရှိခဲ့တဲ့ အတွက် ကျင်ဒွေး-ကန်ပက်လက်၊ကျင်ဒွေး-လောင်းရှည်လမ်းစုံအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧပြီလ ၂၀ ရက်နေ့ကလည်း ကျင်ဒွေးမြို့ အနောက်ဘက် ၅ ကီလိုမီတာအကွာမှာ စစ်ကောင်စီက ရဟတ်ယာဉ် ၂ စီးနဲ့ ၈ ကြိမ် အင်အား ၁၆၀ ခန့်ထပ်မံဖြည့်တင်းလာတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်းနေတယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိ ကျေးရွာတွေအတွင်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု တွေကြောင့် စာသင်ကျောင်းနဲ့ အရပ်သားနေအိမ်တွေ ပျက်စီးကာ အရပ်သားပြည်သူတွေ ထိခိုက် မှုရှိခဲ့တယ်လို့ သိရပါတယ်။ 

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ချင်းအမျိုးသားအဖွဲ့ချုပ်၊ချင်းအမျိုး သားကောင်စီ(မင်းတပ်)၊မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက် လက်)နဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)တပ်မဟာ ၁ တို့ပူးပေါင်းတိုက်ခိုက်နေကြတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CDF Kanpetlet

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.