မွန်ပြည်သစ်ပါတီ AD နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီတို့ ပူးပေါင်းဖို့ သဘောတူ

0
35

မော်လမြိုင် ၊ ဧပြီ ၂၂

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC တို့ နိုင်ငံရေး၊စစ်ရေးနဲ့ အခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် ရရှိခဲ့တယ်လို့ ပူးတွဲကြေညာလာပါတယ်။

အဲဒီနှစ်ဖွဲ့ဟာ ဧပြီ ၂၂ ရက်နေ့မှာ ပထမအကြိမ် တွေ့ဆုံခဲ့ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ဘက်က ကောင်စီဝင် ၉ နဲ့ မွန်ပြည်သစ် NMSP-AD ဘက်က နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ ၆ ဦး တက်ရောက်ခဲ့တာပါ။

ပထမအကြိမ် တွေ့ဆုံမှုကနေ NMSP AD နဲ့ MSFC တို့ နိုင်ငံရေး၊စစ်ရေး၊ လူမှုကယ်ဆယ်ရေးအပါအဝင် အခြားကဏ္ဍအသီးသီးတွေမှာ ပူးပေါင်းအကောင်အထည်ဖော်ရမယ့် လုပ်ငန်းတွေကို ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပူးပေါင်းအကောင်အထည်ဖော်ရမယ့်လုပ်ငန်းတွေ နှစ်ဦးနှစ်ဘက် ဆက်လက်ဆွေးနွေးနိုင်ဖို့ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းသွားမယ်လို့ သဘောတူညီချက် ရရှိခဲ့တာပါ။

လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ကနေ ညှိနှိုင်းသဘောတူညီမှုရရှိတဲ့ လုပ်ငန်းတွေကို မွန်ပြည်သူတွေနဲ့ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူတွေဆီ ပုံမှန်တင်ပြသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နှစ်ဘက်အဖွဲ့ကနေ သဘောတူညီချက်ရရှိခဲ့တဲ့ နိုင်ငံရေး၊စစ်ရေးနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးပူးပေါင်းအကောင်အထည်ဖော်သွားမယ်ဆိုတာ အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

မွန်ပြည်ဖက်ဒရယ်ကောင်စီဟာ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်နိုင်ငံရေး၊တော်လှန်ရေးအဖွဲ့အစည်းဖြစ်ပြီး NMSP-AD ကတော့ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့ကလည်း မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့ စစ်အာဏာရှင်နဲ့ အာဏာရှင်အမျိုးမျိုးကို အတူတကွတိုက်ပွဲဝင်နိုင်ဖို့ သဘောတူညီချက် ရရှိထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်
ပုံစာ – မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.