ထရမ့်ရဲ့ နှုတ်ပိတ်ခ ငွေပေးမှုဟာ ရွေးကောက်ပွဲလိမ်လည်မှုလို့ အစိုးရရှေ့နေတွေ စွပ်စွဲ

0
20

ဝါရှင်တန်၊ဧပြီ ၂၄

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ နှုတ်ပိတ်ခငွေပေးတဲ့ အမှုကိုစစ်ဆေးရာမှာ အစိုးရရှေ့နေတွေက ၂၀၁၆ ရွေးကောက်ပွဲမတိုင်ခင် ရာဇဝတ်မှုဆိုင်ရာ လျှို့ဝှက်ကြံစည်မှု တစ်ခုပြုလုပ်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံတစ်ခုကို ဖုံးဖိဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲလိုက် ပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၂၂ ရက်နေ့က နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ အမှုစစ်ဆေးကြားနာချိန်အတွင်း မှာ ရှေ့နေတစ်ဦးက ရွေးကောက်ပွဲလိမ်လည်မှု စစ်စစ်ဖြစ်ပါတယ်လို့ ဂျူရီလူကြီးတွေကို ပြောခဲ့တာပါ။

ထရမ့်ရဲ့ရှေ့နေကတော့ မိမိရဲ့အမှုသည်ဟာ ရာဇဝတ်မှုကျူးလွန်ခဲ့တာမရှိသလို ရွေးကောက်ပွဲ အပေါ် ဩဇာလွှမ်းမိုးဖို့ တရားမဝင် ကြိုးပမ်းတာမျိုးလည်းမရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

၂၀၁၆ သမ္မတရွေးကောက်ပွဲအနိုင်မရခင်က ထရမ့်ဟာ အပြာမင်းသမီး စတွန်မီ ဒန်နီရယ်ကို ဒေါ်လာ ၁၃၀,၀၀၀ ပေးအပ်ခဲ့တာကို ဖုံးကွယ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခံနေရတာပါ။

စီးပွားရေးလုပ်ငန်းတွေရဲ့ မှတ်တမ်းတွေကို အတုလုပ်ထားတယ်ဆိုတဲ့ စွဲချက်ပေါင်း ၃၄ ခု အတွက် အပြစ်မရှိဘူးလို့ သူကဆိုထားသလို မစ္စဒန်နီရယ်နဲ့ လိင်မှုကိစ္စတွေ့ဆုံမှုမရှိဘူးလို့လည်း ထရမ့်က ငြင်းဆိုထားပါတယ်။

အစိုးရရှေ့နေတွေကတော့ ထရမ့်ဟာ နှုတ်ပိတ်ခငွေကို သူ့ရဲ့ရှေ့နေဟောင်းဖြစ်သလို လူယုံတော် ဖြစ်တဲ့ မစ္စတာ ကိုဟင်ဆီအား ပေးခဲ့တာဖြစ်တယ်လို့ စွပ်စွဲထားပေမယ့် သူထံလွှဲပေးခဲ့တဲ့ ငွေတွေဟာ ဥပဒေအကျိုးဆောင်ခတာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ဒါဟာ အမေရိကန်သမ္မတဟောင်းတစ်ဦးအတွက် ပထမဆုံးရင်ဆိုင်ရတဲ့ အမှုဖြစ်ပြီး ထရမ့်က လိမ်လည်ထွက်ဆိုနေတယ်လို့ အစိုးရရှေ့နေတွေက ဆိုထားသလို အမှုမှာ အရေးကြီးတဲ့ အချက်ဟာ ထရမ့်က မစ္စဒန်နီရယ်နဲ့ သူ့ကြားက တိတ်တဆိတ် ဆက်ဆံရေးကို မဲပေးသူတွေ မသိအောင် ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ အစိုးရရှေ့နေတွေက ပြောခဲ့ပါတယ်။

အခုလိုဖုံးဖိဖို့ ကြိုးပမ်းတာဟာ ရွေးကောက်ပွဲလိမ်လည်မှုဖြစ်တယ်လို့ အစိုးရရှေ့နေတွေက ပြောခဲ့တာကြောင့် ထရမ့်အနေနဲ့ ဒုတိယအမှုတစ်ခုထပ်မံရင်ဆိုင်ရနိုင်ခြေရှိတယ်လို့လည်း သိရပါတယ်။

သမ္မတဟောင်းထရမ့်က သူဟာနာမည်ကျော်တစ်ဦးဖြစ်တာကြောင့် သူသဘောကျတဲ့ ဘယ်အမျိုးသမီးနဲ့မဆို လိင်ဆက်ဆံနိုင်တယ်လို့ ကြွားဝါထားတဲ့ မှတ်တမ်းတစ်ခုဟာ ၂၀၁၆ ရွေးကောက်ပွဲမတိုင်ခင်က ထွက်ပေါ်ခဲ့ဖူးပါသေးတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.