ခိုလှုံခွင့်တောင်းခံသူတွေကို ရဝမ်ဒါသို့ ပို့ဆောင်မယ့် ဥပဒေကြမ်း ဗြိတိန်အတည်ပြု

0
30

လန်ဒန်၊ဧပြီ ၂၄

ဗြိတိန်မှာ ခိုလှုံခွင့်တောင်းခံသူတွေကို ရဝမ်ဒါသို့ ပို့ဆောင်မယ့် ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုလိုက်ပြီးနောက် အစိုးရအစီအစဉ်တွေရဲ့ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် ဆွန်နက်ရဲ့ ရဝမ်ဒါဥပဒေကြမ်းကို လွှတ်တော်မှာ ၅ လကြာဆွေးနွေးပြီးနောက် တရားဝင်ဥပဒေအဖြစ် အသက်ဝင်လာတော့မှာပါ။

ဒီဥပဒေကြမ်းကို အတိုက်အခံတွေက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပေမယ့် အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီးနောက် အတိုက်အခံအမတ်တွေက ဧပြီ ၂၂ ရက်နေ့မှာ သူတို့ရဲ့ ကန့်ကွက်မှုတွေကို ရုတ်သိမ်းခဲ့ကြတာဖြစ်ပါတယ်။

မူလက ဒီဥပဒေကြမ်းရေးဆွဲထားပုံဟာ ဆိုးရွားသလိုမကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဗြိတိန်နဲ့ နိုင်ငံတကာဥပဒေအရ မသင့်တော်တဲ့ ဥပဒေကြမ်းဖြစ်တယ်လို့ အတိုက်အခံတွေက ပြောဆိုခဲ့တာပါ။

ဒီဥပဒေကြမ်းကို အတိုက်အခံတွေတင်မဟုတ်ဘဲ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ပြစ်တင် ဝေဖန်ခဲ့ကြပြီး ဥပဒေစိုးမိုးမှုအတွက် ထင်ရှားတဲ့ အန္တရာယ်ဖြစ်တယ်လို့ပြောတာတွေ ရှိနေပါ တယ်။

ရဝမ်ဒါသို့ ပြေးဆွဲမယ့် လေယာဉ်တွေဟာ လာမယ့် ၃ လအတွင်း စတင်ပြေးဆွဲမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဆွန်နက်က ပြောခဲ့တာကြောင့် မူလက နွေဦးရာသီမှာ စတင်ပြေးဆွဲမယ့် ရည်မှန်းချက် အထမမြောက်ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

ဗြိတိန်ပြည်ထဲရေးဝန်ကြီး ဂျိမ်စ်ကလယ်ဗာလေက ဒီဥပဒေကြမ်းကိုတည်ပြုလိုက်တာဟာ မိမိတို့နိုင်ငံထဲကို လှေတွေနဲ့ဝင်ရောက်လာသူတွေကို တားဆီးရေး ကြိုးပမ်းချိန်မှာ အထောက်အကူ ပြုတယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဗြိတိန်ထိပ်တန်း တရားရုံးက ရဝမ်ဒါသို့ ပို့ဆောင်မယ့် အစီအစည်ဟာ ဥပဒေနဲ့ မညီဘူးလို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တာကြောင့် ဒီဥပဒေကြမ်းဟာ ၂၀၂၃ နိုဝင်ဘာလတည်းက ဆွေးနွေးမှုတွေရပ်တန့်နေခဲ့တာပါ။

ရွေးကောက်ပွဲနီးလာချိန်မှာ ဝန်ကြီးချုပ်အနေနဲ့ သူ့အစီအစဉ်တွေ အလုပ်ဖြစ်ကြောင်း သက်သေပြဖို့ အချိန်အများကြီးမကျန်တော့ပေမယ့် ဒီဥပဒေကြမ်းအတည်ပြုနိုင်ခဲ့တာဟာ သူအတွက် နိုင်ငံရေးအရ အောင်မြင်မှုဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ဥပဒေအတည်ပြုပြီးဖြစ်တာကြောင့် ရဝမ်ဒါကို လေယာဉ်တွေ အမြန်ဆုံး ပြေးဆွဲသွားမှာဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူတွေကို ရဝမ်ဒါ အရောက်ပို့ဆောင်ရေးအတွက် ဝန်ထမ်း ၅၀၀ လောက်ကို ဝန်ဆောင်မှုပေးဖို့အသင့်ပြင်ထားတယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.