အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုမှန်သမျှ ပယ်ချမယ်လို့ နေတန်ယာဟု ပြော

0
31

ဂျေရုစလင်၊ ဧပြီ ၂၃

အမေရိကန်က ပေးပို့နေတဲ့အကူအညီတွေကို ရပ်တန့်ရေးစီစဉ်နေတယ်ဆိုတဲ့ သတင်းတွေထွက် ပေါ်လာပြီးနောက် မိမိတို့စစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုမှန်သမျှကို ပယ်ချသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်။

သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းခြေဒေသမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အစ္စရေးရဲ့ နတ်ဇာယီဟူဒါတပ်ဖွဲ့ကို အမေရိကန်က ပစ်မှတ်ထားအရေးယူမှာ ဖြစ်တယ်လို့ Axios သတင်းဝက်ဘ်ဆိုက်က အစောပိုင်းမှာဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကန်က ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ ချပြီးသွားပါပြီ လာမယ့်ရက်အနည်းငယ်အတွင်း မြင်တွေ့ရပါလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ်ကတော့ ဒီအခြေအနေနဲ့ပတ်သက်ပြီး ရှိသမျှခွန်အားနဲ့ တိုက်ခိုက်သွားမယ် လို့ ဧပြီ ၂၁ ရက်နေ့က ဆိုထားပြီး နတ်ဇာယီဟူဒါ တပ်ဖွဲ့ဟာ နိုင်ငံတကာဥပဒေတွေအတိုင်း လှုပ်ရှား ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။

ဒါ့အပြင် အစ္စရေးစစ်တပ်က သူတို့ရဲ့ တပ်ဖွဲ့တွေအတွင်း မူမမှန်တဲ့ လုပ်ရပ်တွေကို ဆက်လက် စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါသေးတယ်။

အဲဒီတပ်ဖွဲ့ကို အရေးယူပိတ်ဆို့မယ့် အစီအစဉ်ကို ရုတ်သိမ်းရေး အစ္စရေးကာကွယ်ရေးဝန်ကြီး ဂေါလန့်က အမေရိကန်ကို တိုက်တွန်းထားပြီး အရင်ကတော့ အမေရိကန်ရဲ့ အကူအညီပေးပို့မှု တွေဟာ တခါမှ မရပ်ဆိုင်းခဲ့ဖူးဘူးလို့ သိရပါတယ်။

အမေရိကန်နဲ့ အစ္စရေးကြား ဆက်ဆံရေးကို ကမ္ဘာကြီးက ခါတိုင်းထက်ပိုပြီး အနီးကပ်စောင့် ကြည့်နေတယ်လို့လည်း ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။

အနောက်ဘက်ကမ်းခြေဒေသမှာ အသက် ၈၀ အရွယ် အမေရိကန်-ပါလက်စတိုင်းသား တစ်ဦး အစ္စရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ပြီးနောက် စုံစမ်းစစ်ဆေးရေး အမေရိကန်က တောင်းဆိုခဲ့တာပါ။

အဲဒီအမျိုးသားသေဆုံးမှုဟာ နဂိုရှိပြီးသား ကျန်းမာရေးအခြေအနေကြောင့် ဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောထားပြီး စစ်သားနှစ်ဦးကိုတော့ ဥပဒေအရ အရေးယူမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံခြားစစ်တပ်တွေကို အကူအညီပေးမှုကို အမေရိကန်က တားမြစ်ထားတယ်လို့ သိရပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.