အကြီးမားဆုံး ရွှေမှောင်ခိုကူးမှုကို ဟောင်ကောင် ဖမ်းဆီး

0
42

ဟောင်ကောင်၊ဧပြီ ၁၀

ဟောင်ကောင်အကောက်အခွန်ဌာနက လေဖိအားကိရိယာအစိတ်အပိုင်းတွေအဖြစ် ရုပ်ဖျက်ထားတဲ့ ရွှေမှောင်ခိုကူးမှုအဖြစ် ရွှေ ၁၄၆ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဧပြီ ၈ ရက်နေ့မှာ ပြောပါတယ်။

မော်တာတွေ ဝက်အူတွေနဲ့ ဂီယာတွေလို စက်ပစ္စည်းအစိတ်အပိုင်းတွေမှာ အရည်ဖျော်သွန်းလောင်းထားတဲ့ ရွှေတွေကို ဟောင်ကောင်ကနေ ဂျပန်ပို့ဖို့ ကြိုးပမ်းချိန်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဒေါ်လာ ၁၀ ဒသမ ၇ သန်းတန်ဖိုးရှိတယ်လို့ အကောက်အခွန်ဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဟောင်ကောင်အကောက်ခွန်ဌာနရဲ့ မှတ်တမ်းမှာ အခုသိမ်းဆည်ရမိတဲ့ရွှေတွေဟာ အကြီးမားဆုံး ဖြစ်တယ်လို့ အကောက်ခွန်ဌာန ရာဇဝတ်မှုတိုက်ဖျက်ရေး အကြီးအကဲ လော်ယုလောင်က ဆိုခဲ့ပါတယ်။

ကမ္ဘာမှာ ဟောင်ကောင်ဟာ အကြီးမားဆုံး ရွှေရောင်းဝယ်ရေးစုရပ်တစ်ခုဖြစ်ပြီး ပထဝီနိုင်ငံရေး မသေချာမှု၊ငွေကြေး ဖောင်းပွမှုတွေကြောင့် ရင်းနှီမြှုပ်နှံသူတွေက သူတို့ပိုင်ဆိုင်မှု တန်ဖိုးသေချာအောင် လုပ်ဆောင်နေတဲ့အတွက် ရွှေဈေးမြင့်တက်လာတာပါ။

ဟောင်ကောင်မှာ မှောင်ခိုကူးတဲ့ ရွှေအများစုကို လမ်းဂိတ်တံတားတွေမှာ ဖမ်းဆီးရမိလေ့ရှိပြီး နယ်စပ်ဖြတ်ကျော် မောင်းနှင်နေတဲ့ ကုန်ကားတွေကို စစ်ဆေးရာမှာ အခုလိုဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

မှောင်ခိုဂိုဏ်းဟာ ဂျပန်ကိုပို့မယ့် ရွှေတွေအတွက် အခွန်မဆောင်လိုတာကြောင့် အခုလို မှောင်ခိုပို့ဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ ဟောင်ကောင်အကောက်အခွန်ဌာနက အသိပေးထားပါတယ်။

ကုမ္ပဏီဒါရိုက်တာလို့ဆိုသူ အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပေမယ့် နောက်ပိုင်းမှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပြီး ယာဉ်မောင်းတွေကိုတော့ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ဟောင်ကောင်ဥပဒေအရ ရွှေမှောင်ခိုကူးမှုအတွက် ထောင် ၇ နှစ်အထိ အမြင့်ဆုံးဒဏ်ငွေ ဟောင်ကောင်ဒေါ်လာ ၂ သန်းအထိချမှတ်ခံရနိုင်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.