ကမာဝက်မြို့မှာ သားအဖသုံးဦး ပစ်ခတ်ခံရလို့ နှစ်ဦးသေဆုံး

0
31

ကမာဝက် ၊ ဧပြီ ၈

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ စိန်တောင်ရပ်ကွက်မှာ သားအဖသုံးဦးကို အမည်မသိလက်နက်ကိုင်လူတစ်စု သေနတ်နဲ့ပစ်ခတ်လို့ သားအဖနှစ်ဦး သေဆုံးပြီး တစ်ဦးလွတ်မြောက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ဧပြီ ၇ ရက်နေ့ ည ၈ နာရီဝန်းကျင်မှာ ဆိုင်ကယ်နှစ်စီးလာတဲ့ အမည်မသိလက်နက်ကိုင် လူလေးယောက်တို့ဟာ အသက် ၅၃ နှစ်အရွယ် ဦးထိန်ဝင်း (ခ) ဦးမော့ နေအိမ်အောက်ထပ်မှာ ရှိနေချိန် ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။

အဲဒီပစ်ခတ်မှုကြောင့် ဦးမော့နဲ့ သားဖြစ်သူ အသက် ၁၈ နှစ်အရွယ် မောင်သိန်းဉာဏ်တို့ဟာ အခင်းဖြစ်ပွားတဲ့နေရာမှာတင် ကျည်ထိမှန် သေဆုံးခဲ့ရပြီး ကျန်တဲ့ သားတစ်ဦးကတော့ ထိခိုက်ဒဏ်ရာရကာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူ ဦးမော့ဟာ ဇနီးဖြစ်သူနဲ့အတူ ကြက်ဝိုင်း၊ ဖဲဝိုင်း စတဲ့ လောင်းကစားလုပ်ငန်းတွေကို ဆယ်စုနှစ်တစ်ခုကျော်ကြာ လုပ်ကိုင်နေတဲ့ လောင်းကစားဒိုင်ဖြစ်တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

ဦးမော့တို့ သားအဖသုံးဦး သေနတ်ပစ်ခတ်ခံရတဲ့အပေါ် စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တချို့မှာတော့ မွန်ပြည်သစ်ခွဲထွက်အဖွဲ့က လုပ်ဆောင်တာလို့ စွပ်စွဲရေးသားနေကြတဲ့အပေါ် သံလွင်တိုင်းမ်အနေနဲ့ မွန်ပြည်သစ်ပါတီ AD ပြောခွင့်ရသူထံ အတည်ပြုဖို့ ဆက်သွယ်ပေမယ့် အကြောင်းပြန်ခြင်း မရှိသေးပါဘူး။

အလားတူ ဧပြီ ၇ ရက်နေ့ကလည်း ရေးမြို့နယ် ကော့ဒွတ်ကျေးရွာမှာ အုပ်ချုပ်ရေးမှူးဟောင်း ဦးအနိုင် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.