စစ်ကောင်စီကို ကုလလုံခြုံရေးကောင်စီ အရေးယူဖို့ တိုက်တွန်း

0
44

နယူးယောက်၊ဧပြီ ၆

စစ်ကောင်စီတပ်ရဲ့အကြမ်းဖက်မှုတွေအဆုံးသတ်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေပြုလုပ်ရေး နိုင်ငံတကာကိုယ်စားလှယ်တွေက တိုက်တွန်းခဲ့ပါတယ်။

ဆိုးရွားတဲ့ လူသားချင်းစာနာထောက်ထားရေးအခြေအနေကို ဖြေရှင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တစ်ဦး အလျင်အမြန်ခန့်အပ်ဖို့လည်း သံတမန်တွေက တောင်းဆိုခဲ့ကြပါတယ်။

နိုင်ငံတဝှမ်းလက်နက်ကိုင် ပဋိပက္ခတွေကျယ်ပြန့်လာတာနဲ့အတူ လူထုရဲ့အခြေခံ လိုအပ်ချက်တွေနဲ့ မရှိမဖြစ်အသုံးပြုရမယ့် ဝန်ဆောင်မှုတွေ မရရှိဖြစ်နေတယ်လို့ နိုင်ငံရေး၊ငြိမ်းချမ်းရေး တည်ဆောက်ရေးဌာန အရှေ့အလယ်ပိုင်းအာရှနဲ့ ပစိဖိတ်ဆိုင်ရာ လက်ထောက်အတွင်းရေးမှူး ခါလစ်ခီယာရီက လုံခြုံရေးကောင်စီကို ပြောခဲ့ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးတွေကို လွတ်လပ်စွာနဲ့ငြိမ်းချမ်းစွာအသုံးချခွင့်ရရေး အရေးကြီးတယ်လို့ နိုင်ငံတကာကိုယ်စားလှယ်တွေ က ဆိုခဲ့တာပါ။

အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ကြိုးပမ်းနေတာနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်းနဲ့ စစ်မှုထမ်းဥပဒေရဲ့ တန်ပြန်ရိုက်ခတ်ချက်တွေနဲ့ ပတ်သက်ပြီးလည်း စိုးရိမ်ကြောင်း ခါလစ်ခီယာရီက ပြောခဲ့ပါတယ်။

လာမယ့်ရက်ပိုင်းအတွင်း အာဆီယံနဲ့စေ့စပ်ညှိနှိုင်းရေး သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံတွေ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံပြဿနာအတွက် နိုင်ငံရေးဆိုင်ရာ အဖြေရှာကြရမယ်လို့ သူက ပြောပါသေးတယ်။

လူသားချင်းဆိုင်ရာအကူအညီပေးရေး ကုလအရာရှိ လီဆာဒေါက်တန်ကလည်း မြန်မာနိုင်ငံမှာ လူပေါင်း ၂ ဒသမ ၈ သန်းတိမ်းရှောင်ထွက်ပြေးနေကြရပြီး အာဏာသိမ်းပြီးနောက်ထွက်ပြေးနေ ရတယ်လို့ ဆိုထားပါတယ်။

နိုင်ငံတဝှမ်း အစာရေစာရှားပါးမှုပိုဆိုးလာနေပြီး ကလေးငယ်တွေနဲ့ကိုယ်ဝန်ဆောင်တွေကြား အဟာရချို့တဲ့မှု ပိုဆိုးလာနေသလို လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ကျောင်းသားကျောင်းသူ ၁၂ သန်း ပညာရေး ထိခိုက်ခဲ့ရတယ်လို့လည်း သူက ပြောပါသေးတယ်။

ဗြိတိန်ကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံရဲ့ ပြဿနာကို အမေ့လျော့ခံပြဿနာတစ်ခုဖြစ်ခွင့် ပေးမှာ မဟုတ်ဘူးလို့ ဆိုထားသလို စစ်တပ်ရဲ့နိုင်ငံတဝှမ်းလေကြောင်းတိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချပြီး မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့ ၅ လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၆၀၀ နီးပါးအထိပြုလုပ်ခဲ့တယ်လို့ အသိပေးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ချ်ကိုယ်စားလှယ်က မြန်မာနဲ့သဘောတူထားတဲ့အတိုင်း အခြေအနေပေးတာနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ ပြောဆိုထားပါတယ်။

ရုရှားကိုယ်စားလှယ်ကတော့ မြန်မာ့အရေးဟာ နိုင်ငံတကာလုံခြုံရေးအတွက် ခြိမ်းခြောက်မှု တစ်ခုမဟုတ်ဘူးလို့ ပြောထားသလို တရုတ်ကိုယ်စားလှယ်က ရခိုင်မှာဖြစ်ပွားနေတဲ့ အခြေအနေတွေဟာ မြန်မာပြည်တွင်းရေးဖြစ်ပြီး ကြားဝင်ညှိနှိုင်းပေးဖို့ မိမိတို့ရဲ့ကိုယ်စားလှယ်တစ်ဦး နေပြည်တော်ကို ရောက်ရှိနေတယ်လို့ ပြောခဲ့ကြပါတယ်။

ဗြိတိန်ကိုယ်စားလှယ်က ရိုဟင်ဂျာတွေကို စစ်တပ်က အတင်းအကြပ်စစ်မှုထမ်းခိုင်းတာနဲ့ ရခိုင်မှာ ဆက်သွယ်ရေး လိုင်းတွေ ဖြတ်တောက်ထားတာတွေနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောခဲ့ပြီး စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချထားတယ်လို့သိရပါတယ်။

Ref:UNNews

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.