ပြည်တွင်းရွှေဈေး ၄၂ သိန်းအထိ စံချိန်တင် မြင့်တက်

0
37

မော်လမြိုင်၊ မတ် ၂၂

တရိပ်ရိပ်မြင့်တက်လာတဲ့ ပြည်တွင်းမီးလင်းအခေါက်ရွှေဈေးနှုန်းဟာ မတ် ၂၂ ရက်နေ့မှာတော့ တစ်ကျပ်သားကို ကျပ် ၄၂ သိန်းအထိ စံချိန်တင်ဈေးနှုန်း မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုနှစ်ဆန်းပိုင်းက တစ်ကျပ်သား ကျပ် ၃၇ သိန်းကျော်သာရှိခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ မတ်လအတွင်း ကျပ် ၄၂ သိန်းအထိ စံချိန်တင်မြင့်တက်လာပြီး ဈေးနှုန်းအတက်ကြမ်းနေတဲ့ အခြေအနေ ရောက်ရှိနေတာပါ။

ပြည်တွင်းရွှေဈေးနှုန်းဟာ ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ အမေရိကန်မှာ ဘဏ်တွေက အတိုနှုန်းလျော့ချဖို့ လုပ်ဆောင်နေတဲ့အတွက် ဈေးနှုန်း အဆမတန်မြင့်တက်လာ ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

ရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လာတာကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ် သိသိသာသာကျဆင်းနေသလို စစ်ကောင်စီကလည်း အဆက်မပြတ်စောင့်ကြည့် စစ်ဆေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

ပြင်ပဈေးကွက်မှာ မီးလင်းအခေါက်ရွှေ တစ်ကျပ်သား ကျပ် ၄၂ သိန်းအထိ ပေါက်ဈေးရှိနေပေမယ့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက တစ်ကျပ်သားကို ကျပ် ၃၇သိန်း ၉ သောင်းအဖြစ် ရည်ညွှန်းဈေး သတ်မှတ်ထားပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းဟာ စစ်တပ်အာဏာမသိမ်းခင်က တစ်ကျပ်သား ၁၃ သိန်းဝန်းကျင်သာ ရှိခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာ တစ်ကျပ်သား ကျပ် ၄၂ သိန်းအထိ စံချိန်တင်မြင့်တက်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.