လွိုင်ကော် ၊ မတ် ၃

ကရင်နီပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် ဇန်နဝါရီလအထိ ၃ နှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၀ နီးပါး ကျဆုံးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၁ ခုနှစ်က ၄၁ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၁၇၀ ဦး၊၂၀၂၃ မှာ ၂၂၈ ဦးနဲ့ ၂၀၂၄ ခုနှစ်အတွင်း ၅၀ ဦး၊ စုစုပေါင်း ၄၈၉ ဦး ကျဆုံးခဲ့ရတာပါ။

ကျဆုံးရဲဘော်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေထဲက ပါဝင်သလို အရင်ကရှိနှင့်နေပြီးသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့စစ်က ဘက်ပြောင်းလာသူတွေလည်း ပါဝင်ပါတယ်။

ရဲဘော်အများစုဟာ စစ်ကောင်စီရဲ့ပေါင် ၅၀၀ ဗုံးတွေနဲ့ လေကြောင်းက တိုက်ခိုက်တာ၊ လက်နက် ကြီးနဲ့ ပစ်ခတ်တာတွေအပြင် မြေမြှုပ်မိုင်းတွေကြောင့် ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။

PKPF ရဲ့ စာရင်းတွေအရ ၃ နှစ်အတွင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲပေါင်း ၉၈၅ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေယာဉ်နဲ့ အကြိမ် ၁၃၀၀ ဝန်းကျင်အထိ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ် ဆောင်ခဲ့တာပါ။

၂၀၂၃ ခုနှစ်မှာတိုက်ပွဲတွေ ပိုမိုဖြစ်ပွားခဲ့တယ်လို့ စာရင်းတွေမှာဖော်ပြထားပြီး စစ်ကောင်စီရဲ့ လေ ယာဉ် ၂ စီးကို တော်လှန်ရေးတပ်တွေ ပစ်ချခဲ့ပြီး သံချပ်ကာကားအပါအဝင် စစ်သုံးယာဉ် ၆၈ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၃၁၃၃ ဦးသေဆုံးခဲ့တယ်လို့သိရပြီး မြေပြင်မှာ ဒီထက်အရေအတွက်ပိုများနိုင်တယ်လို့ တော်လှန်ရေးရဲဘော်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာတော့ ကရင်နီပြည်နယ်အတွင်းက မယ်စဲ့၊ ရှားတော၊ မော်ချီးနဲ့ ရွာသစ်ဒေသတွေကို တော် လှန်ရေး တပ်ဖွဲ့တွေဘက်က အလုံးစုံထိန်းချုပ်ထားပြီး ဒီးမော့ဆို၊ ဖရူးဆိုနဲ့ လွိုင်ကော်တို့ကိုတော့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.