တရုတ်မှာ ကလေးမွေးဖွားနှုန်း လျှော့ကျနေတာကြောင့် ဆရာ/ဆရာမ သန်းနဲ့ချီ အလုပ်အကိုင် ဆုံးရှုံးနိုင်

0
48

ဘေကျင်း – ဖေဖော်ဝါရီ ၁၅

တရုတ်နိုင်ငံမှာ ကလေးမွေးဖွားနှုန်း လျှော့ကျနေတာကြောင့် မူလတန်း ဆရာ/ဆရာမ ၁ ဒသမ ၅ သန်းကျော် နဲ့ အလယ်တန်းပြ ဆရာ/ဆရာမ ၃၇၀၀၀၀ လောက်ဟာ ၂၀၃၅ ခုနှစ်မှာ အလုပ် အကိုင် ဆုံးရှုံးရနိုင်တယ်လို့ လေ့လာမှုတစ်ခုအရ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တည်းက ကလေးမွေးဖွားနှုန်းလျှော့ကျခဲ့တာဖြစ်ပြီး မူလတန်း ကျောင်း သားအရေအတွက်ဟာလည်း ဆယ်စုနှစ် နှစ်စုအတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၁ ခုနှစ်က လျှော့ကျခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံမှာ ထမင်းစားဖို့အာမခံရှိတဲ့ အလုပ်အဖြစ်သတ်မှတ်ထားတဲ့ ကျောင်းဆရာအလုပ် ဟာ စီးပွားရေးမသေချာမရေရာ ဖြစ်နေတဲ့ခေတ်ကာလမှာ လူအများလိုချင်ကြတဲ့ အလုပ်အကိုင် တစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် ကလေးမွေးဖွားမှုနှုန်း လျှော့ကျလာနေချိန်မှာတော့ ဆရာ/ဆရာမတွေ ပိုလျှံနေတဲ့ အတွက် လာမယ့် ၁၀ နှစ်အတွင်း သန်းနဲ့ချီပြီး အလုပ်အကိုင် ဆုံးရှုံးရနိုင်တာပါ။ 

လက်ရှိမှာတော့ အငြိမ်းစာယူသူ အရေအတွက်ပိုများလာနေသလို ကလေးမွေးဖွားမှုနှုန်း လျှော့ကျလာနေတဲ့ တရုတ်မှာ စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးလာတာ၊လူမှုဖူလုံရေးစနစ် ထိခိုက်တာ တွေအပါအဝင် ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ မူလတန်း ကျောင်းသား အရေအတွက် လျှော့ကျခဲ့သလို အလယ်တန်း ကျောင်းသားအရေအတွက်လည်း လျှော့ကျသွားတယ်လို့ သိရပါတယ်။ 

ကျောင်းနေသူ အရေအတွက် လျှော့ကျလာတာကြောင့် စာသင်ကျောင်းတွေ လျှော့ချမှုဟာ အချိန်အတိုင်းအတာ တစ်ခုအတွင်း မလွဲမသွေဖြစ်လာနိုင်တယ်လို့ တရုတ်ပညာရေး သိပ္ပံ အမျိုးသား အကယ်ဒမီ သုတေသီ ချူကျာအိုဟွီက ပြောပါတယ်။

ဒါ့အပြင် ထိခိုက်မှုအတိုင်းအတာဟာ လာမယ့်နှစ်တွေမှာ အာဏာပိုင်တွေပြုလုပ်သွားမယ့် အစီအစဉ်တွေအပေါ်မူတည်နေတယ်လို့သူက ပြောပါသေးတယ်။

ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ တရုတ်မှာ အိမ်ခြံမြေစျေးကွက်ပြဿနာ ကြုံနေရ ပြီး ဝယ်လိုအား လျှော့ကျနေသလို ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေရှိနေတာကြောင့် ကိုဗစ် အလွန်စီးပွားရေးပုံမှန်ပြလည် လည်ပတ်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။ 

Source: South China Morning Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.