ဘားအံမှာ လက်နက်ကြီးကျလို့ ကလေး ၂ ဦး ဒဏ်ရာရ

0
71

ဘားအံ၊ ဖေဖော်ဝါရီ ၃

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဖလံတောင်ကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခ ရိုင်က ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်တပ်စခန်း တိုက်ပွဲအတွင်း ကမမောင်းဘက်ရှိ စစ်ကောင်စီရဲ့ ခမရ (၂၀၈) တပ်စခန်းကနေ လက်နက်ကြီး ပစ်ကူပေးရာကနေ ဖလံတောင်ကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၅ နှစ်အရွယ် စောအောင်သပြေဟိန်းဟာ ဘယ်ဘက်လက်ကျိုးဒဏ်ရာ၊ အသက် ၁၆ နှစ်အရွယ် စောနေမျိုးဦးဟာ ယာဘက်လက်ကောက်ဝက်ကျိုးနဲ့ ဝမ်းဗိုက်ပေါက် ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့တဲ့ ကလေး ၂ ဦးကို ဖလံတောင်တိုက်နယ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး စောနေမျိုးဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဒေသခံတွေကထံက သိရပါ တယ်။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုအတွင်း နေအိမ်တစ်လုံးနဲ့ ဆိုင်ကယ်တစ်စီး ထိခိုက်ပျက် စီးခဲ့သလို ဒေသခံပြည်သူတွေ ယာယီထွက်ပြေးတိမ်းရှောင်ခဲ့ပေမယ့် ဖေဖော်ဝါရီ ၂ ရက်နေ့ကစလို့ ပြန်လာနေထိုင်နေကြပြီလို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ ကမမောင်းအခြေစိုက် ခမရ ၂၀၈ တပ်စခန်းနဲ့ ဘီးလင်းအခြေစိုက် အမတ ၃၁၄ တပ်တွေကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ဝင်းတာပန်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ တက်တူးကုန်းရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.