ကျိုက်ဒုံ၊ ဖေဖော်ဝါရီ ၂
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့မှာ နှစ်ဖက်တိုက်ပွဲ ပြင်ထန်းနေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက် ကျေးရွာ ၃ ရွာထက်မနည်းက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့စကစပြီး စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ ၃၁ ရက်နေ့ ညနေပိုင်းမှာတော့ ကျိုက်ဒုံမြို့အ ဝင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သလို ကျိုက်ဒုံမြို့ပေါ်က စစ်ကောင်စီဗျူဟာကုန်းနဲ့ နယ် ခြားစောင့်တပ် BGF တပ်ရင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ကျိုက်ဒုံမြို့ပြင်ဘက်နေရာတွေကို လေကြောင်းနဲ့ ပြန်လည်ဗုံးကြဲတိုက် ခိုက်ခဲ့တဲ့အတွက် မြို့အနီးက မိတန်ကျေးရွာက စာသင် ကျောင်းအပါအဝင် အခြားကျေးရွာတွေက နေအိမ်အ ဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုတချို့ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် ကျိုက်ဒုံမြို့ပေါ်က ဒေသခံပြည်သူတွေအပါ အ ဝင် မိတန်၊ မိနန်းအပ်၊ ပူရေ ကျေးရွာစတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာဒေသကို ထွက် ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲက ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေသလို မြဝတီမြို့အနီး သင်္ဃန်းညီနောင်နဲ့ ရွာသစ်ကျေးရွာတွေဘက်မှာလည်း နှစ်ဖက်စစ်ရေးတိုက်ပွဲတွေ ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
တိုက်ပွဲနဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်း စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ လူထု ၁၅၀၉၆၉ ဦး အထိ ရှိလာပြီလို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် KPNS ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

