တနင်္သာရီ၊ ဖေဖော်ဝါရီ ၂
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ဘန်လောကျေးရွာမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့ လာရောက်ဗုံးကြဲသွားတယ်လို့ တော်လှန် ရေးအင်အားစုတွေထံက သိရပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကနေ ဘန်လောကျေးရွာထဲ ဝင်ရောက်လာတာကြောင့် တော် လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။
“မနက်အစောပိုင်းကတည်းက တိုက်ပွဲဖြစ်တာ၊ နေ့လည် ၂ နာရီလောက်မှာ စကစဘက်က Mi 35 နဲ့ ဗုံး ၇ လုံး လာကြဲသွားတယ်”လို့ တောင်ပိုင်းညီနောင်များတပ်ပေါင်းစုစစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ကိုစိုင်းညီက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တွေ ထိခိုက်မှု မရှိပေမယ့် ပြည်သူပိုင်နေအိမ်အဆောက် အဦး ထိခိုက်ပျက်စီးမှုကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက် ခိုက်မှုကြောင့် ဘန်လောနဲ့ ၆ မိုင်ကျေးရွာနေ ဒေသခံပြည်သူ ရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ကစလို့ တိုက်ပွဲတွေ ဖြစ်ပွားလာတာ ဖြစ်ပြီး အဲဒီတိုက်ပွဲတွေဟာ ညောင်ပင်ကွင်း၊ တုံးတောကနေ ဘန်လောကျေးရွာတွေအထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာတာပါ။
တနင်္သာရီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ နီးပါး ထိခိုက်သေဆုံးထားပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၃ ဦး သေဆုံးထားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

