လောင်းလုံး၊ ဖေဖော်ဝါရီ ၂
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ မောင်းမကန်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ မနက် ၆ နာရီခွဲအချိန်ခန့်မှာ မောင်းမကန်ကျေးရွာ နယ်မြေရဲစခန်းကို ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်တွေက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အချိန် ၁ နာရီနီးပါးအကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာ ပြင်း ထန်ရရှိခဲ့တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီ ရေတပ်သင်္ဘောက လက် နက်ကြီးဖြင့် အဆက်မပြတ် ပစ်ကူပေးခဲ့တာကြောင့် ကျေးရွာဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
အခုမှာတော့ စစ်ကောင်စီတပ်တွေဟာ မောင်းမကန်နယ် မြေရဲစခန်းကို အင်းအားထပ်မံ ဖြည့်တင်းနေပြီး ရဲစခန်းပတ်ပတ်လည်ကိုလည်း မြေမြုပ်မိုင်းထောင်တာတွေ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် ထားဝယ်ခရိုင်က နေရာအနှံမှာ စစ်ရေးအရှိန်မြင့်တက်လာနေရာ ပြည်သူတွေအနေနဲ့ စစ်ရေးသတိ အမြဲရှိကြဖို့နဲ့ နေအိမ်တွေမှာ ဗုံးခိုကျင်းတွေတူးထားကြဖို့ကိုလည်း အသိပေးတိုက်တွန်းထားပါတယ်။
ဇန်နဝါရီ ၃၀ ရက်နေ့မှာလည်း မောင်းမကန်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲစခန်းအတွင်းရှိ အ ဆောက်အအုံ ၁ ခု မီးလောင်ပျက်စီးခဲ့တဲ့အပြင် ရဲတပ် သား ၃ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – LLPDF

