မော်လမြိုင် – ဖေဖော်ဝါရီ ၂
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းထားတဲ့သုံးနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်ချက်အပါ အဝင် အကြောင်းအမျိုးမျိုးကြောင့် လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦးသေဆုံးခဲ့ပြီး ၁၄၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ထားပါ တယ်။
သေဆုံးသူတွေထဲမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီး တိုင်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကတော့ ဖမ်းဆီးခံထားရချိန်မှာ လုံလောက်တဲ့ ဆေးကုသ ခွင့်မရလို့ အကျဉ်းထောင်တွင်းသေဆုံးခဲ့ရတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇ ဦးနဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ၁၁ ဦးဟာ အာဏာသိမ်းကာလအတွင်း တိမ်းရှောင်ရင်းကွယ်လွန်ခဲ့တာဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။
သေဆုံးသူတွေနဲ့ ဖမ်းဆီးခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဘယ်ပါတီတွေက ဖြစ်တယ် ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာမရှိပါဘူး။
လွှတ်တော်ကိုယ်စားလှယ် ၁၉၈ ဦးကတော့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေချိပ်ပိတ်သိမ်းဆည်းခံခဲ့ရပြီး လွှတ်တော်ကိုယ်စားလှယ် သုံးဦးရဲ့ နေအိမ်တွေကတော့ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါ တယ်။
အာဏာသိမ်းကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးအထိဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး အဲဒီထဲက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၉ ဦးနဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၂၈ ဦး စုစုပေါင်း ၆၇ ဦးဟာ ဆက်လက်ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီဝင် (၅၀)ကျော်ဟာ စစ်ကောင်စီနဲ့ သူတို့ရဲ့လက်အောက်ခံ ပျူစောထီးအဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ ပါတီနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ပြည်သူ့လွှတ်တော်(ပုံအဟောင်း)

