ရေး ၊ ဇွန် ၁၄
မွန်ပြည်နယ် ရေးမြို့နယ်မှာ နိုင်ငံတော် ဓာတ်အားပေးစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးနဲ့ပတ် သက်ပြီး ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အမှတ်၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် မင်းအောင်ထူးက မေးခွန်းမေးမြန်းခဲ့ပါတယ်။
ဒီမေးခွန်းကို ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်က ကျင်းပပြုလုပ်တဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ မေးမြန်းခဲ့တာပါ။
ဒီမေးခွန်းနဲ့ပတ်သက်ပြီး စစ်အစိုးရရဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနဲ့လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဇေယျာဦးက ရေးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် သံဖြူဇရပ် ဓာတ်အားခွဲရုံကနေ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၅၂ ဒသမ ၆ မိုင်၊ ၆၆/၁၁ ကေဗွီ ရေးဓာတ်အားခွဲရုံ တည်ဆောက်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်လျက် ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ၆၆/၁၁ ကေဗွီ ရေးဓာတ်အားခွဲရုံ တည်ဆောက်မှု လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးသွားပြီး ဖြစ်သလို ၆၆ ကေဗွီ ဓာတ်အားလိုင်း ဆောင်ရွက်ဖို့အတွက် ၅၂ ဒသမ ၆ မိုင် လျာထားမှုမှာ ၃၆ ဒသမ ၀၉ မိုင်ဟာ ၁၀၀ ရာခိုင်နှုန်း လုပ်ငန်း ဆောင်ရွက်ပြီး ဖြစ်တယ်လို့ ပြောပါတယ်။
လျှပ်စစ်ဓာတ်အား အပြည့်အဝ သွယ်တန်းနိုင်ဖို့အတွက် လက်ရှိ နယ်မြေ အခြေအနေအရ ၁၄ ဒသမ ၉၃ မိုင် ဓာတ်အား လိုင်းကြိုးဆွဲဖို့ ကျန်ရှိနေပြီး ဓာတ်အားလိုင်း သွယ်တန်းခြင်း လုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ပြီးပါက အခြားမြို့တွေ နည်းတူ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနိုင်တော့မယ်လို့ ပြောဆိုခဲ့ပါတယ်။
မေးခွန်းရှင်က ရေးမြို့နယ်မှာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မယ့် အချိန်ကာလနဲ့ပတ်သက်ပြီး ထပ်ဆင့်မေးခွန်းမေးမြန်းရာမှာတော့ ဝန်ကြီးက စာနဲ့ပြန်လည် ဖြေဆိုပေးသွားမယ်လို့ ပြောပါတယ်။
ရေးမြို့နယ်ဟာ မွန်ပြည်နယ်အတွင်း နိုင်ငံတော် ဓာတ်အားပေးစနစ်မှ လျှပ်စစ်ဓာတ်အား မရရှိတဲ့ မြို့နယ် တစ်ခု ဖြစ်ပြီး လျှပ်စစ်ဓာတ်အားကိုတော့ ပုဂ္ဂလိက ကုမ္ပဏီတွေကနေ ဈေးနှုန်း ကြီးမြင့်စွာပေးပြီး ဝယ်ယူသုံးစွဲနေရပါတယ်။
နိုင်ငံတော် ဓာတ်အားပေးစနစ်ကနေ လျှပ်စစ်ဓာတ်အား မရရှိသေးတဲ့ ရေးမြို့နယ် ဒေသခံတွေဟာ ပုဂ္ဂလိက ကုမ္ပဏီတွေက ဖြန့်ဖြူးပေးတဲ့ လျှပ်စစ်ဓာတ်အားတွေကို တစ်ယူနစ် ကျပ် ၃၆၀၀ ကနေ ကျပ် ၆၀၀၀ ကျော်အထိ ပေးပြီး သုံးစွဲနေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

