နေပြည်တော် ၊ ဇွန် ၁၄
အာဏာသိမ်း စစ်အစိုးရရဲ့ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း ဒေသတွင်းနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ လာရောက်တွေ့ဆုံမှုနဲ့ပတ်သက်ပြီး အာဆီယံအသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ဆံ့ရေးကို ဦးမင်းအောင်လှိုင်က မျှော်လင့်နေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်ကို လာရောက်မှုအပြီး ဇွန် ၁၂ ရက်နေ့မှာတော့ လာအိုနိုင်ငံက ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က အာဏာသိမ်း သမ္မတကို လာရောက်တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အိမ်နီးနားချင်းနိုင်ငံတွေက အထူးကိုယ်စားလှယ်တွေနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အခုလို လာရောက်တွေ့ဆုံတာဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေအပေါ် အပြည့်အဝနားလည်တယ်လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
ဒါ့အပြင် မြန်မာနဲ့ အာဆီယံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ဖို့ အခွင့်အလမ်းတွေ ဖော်ဆောင်နိုင်ရေးအတွက် လာရောက်တာဖြစ်တယ်လို့ မိမိအနေနဲ့ နားလည်သဘောပေါက်ကြောင်း ပြောကြားခဲ့တာပါ။
စစ်အစိုးရကို အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုမှုရရှိရေးအတွက် ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ လာအို စတဲ့နိုင်ငံတွေကို သံတမန်ရေးနည်းလမ်းအရ အလှည့်ကျဖိတ်ခေါ်ပြီး တွေ့ဆုံနေတာပါ။
အဲဒီတွေ့ဆုံမှုတွေမှာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်နေမှုနဲ့ ဘုံသဘောတူညီချက် ၅ ရပ်အပေါ် အကောင်အထည်ဖော်နေမှုတွေကို စစ်အစိုးရက သတင်းစကားပါးပါတယ်။ ဒါပေမယ့် အကြမ်းဖက်တိုက်ခိုက်မှုတွေကိုတော့ ဆက်လက်လုပ်ဆောင်နေတာပါ။
ဒါ့အပြင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းနေမှုနဲ့ ရွေးကောက်ခံအစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းနေတာတွေကိုလည်း အသိပေးခဲ့တာ ဖြစ်ပါတယ်။
တစ်ဘက်မှာ အာဆီယံအလှည့်ကျဥက္ကဌ ဖိလစ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက မြေပြင်အခြေအနေကို လေ့လာရေးနဲ့ အဖြေထုတ်ရေးအတွက် မြန်မာနိုင်ငံက တိုင်းရင်းသားအဖွဲ့တွေနဲ့ လာမယ့် ရက်ပိုင်းအတွင်း တွေ့ဆုံဖို့ ရည်ရွယ်ထားကြောင်း ဇွန် ၁၀ ရက်နေ့မှာ ထုတ်ပြောထားတာပါ။
ဦးမင်းအောင်လှိုင်ကလည်း သူတို့အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခဲ့ပြီး ၅ နှစ်တာကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းသွားမယ်လို့ နေပြည်တော်ကို လာရောက်ခဲ့တဲ့ လာအိုနိုင်ငံက ကိုယ်စားလှယ်အဖွဲ့ကို ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် လောဆယ်မှာ စစ်တပ်နဲ့ တိုက်ပွဲတွေမဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့သာ တွေ့ဆုံမှုရှိပြီး တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားအဖွဲ့တွေကတော့ အဲဒီ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို အယုံအကြည်မရှိဘူးလို့ ထုတ်ပြောထားတာပါ။
မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်မွန်စိုင်းက စစ်တပ်ဟာ နိုင်ငံရေးအာဏာကို လက်ဝါးအုပ်ထားမယ်ဆိုရင် ငြိမ်းချမ်းရေးရမှာ မဟုတ်သလို အာဆီယံအနေနဲ့လည်း တိုင်းရင်းသားပြည်သူတွေရဲ့ သဘောထားကို နားလည်ဖို့ လိုမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်အစိုးရအနေနဲ့ ၂၀၂၁ အာဏာသိမ်းမှုကို အရင်းခံပြီး အပိုင်းလိုက်ရွေးကောက်ပွဲကနေ အရပ်သားအသွင်ပြောင်းအစိုးရအဖြစ် ပုံဖော်နေမှုအပေါ် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုထောက်ခံခြင်း မရှိသေးပါဘူး။
ဒီအပေါ် ရွေးကောက်ပွဲဝင်မပြိုင်ဘဲ သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်က သူတို့အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ရွေးချယ်မှု လွှတ်တော်မှာ စနစ်တကျ ရွေးကောက်တင်မြှောက်မှုတွေနဲ့ ဖြစ်ပေါ်လာတဲ့ ရွေးကောက်ခံအစိုးရလို့ ကြွေးကြော်နေတာပါ။
ဒါကြောင့် အာဆီယံနိုင်ငံတွေ ဒေသတွင်းနိုင်ငံတွေအနေနဲ့ ထောက်ခံမဲပေးခဲ့ကြတဲ့ ပြည်သူတွေရဲ့ ဆန္ဒနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒအပေါ် မျက်ကွယ်မပြုကြဖို့ လိုတယ်လို့ လာအိုနိုင်ငံက ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။
လာအိုနိုင်ငံကိုယ်စားလှယ်အဖွဲ့ကတော့ မြန်မာနိုင်ငံ ရွေးကောက်ခံအစိုးရရဲ့ နိုင်ငံ့တာဝန် ထမ်းဆောင်နေမှုအပေါ် မားမားမတ်မတ် ရပ်တည် ထောက်ခံပြီး လာအိုနိုင်ငံကို နိုင်ငံတော်အဆင့် ခရီးစဉ်လာရောက်နိုင်ရေးအတွက် ဖိတ်ကြားခဲ့ပါတယ်။
အဲဒီခရီးစဉ်ကနေတဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ အာဆီယံနိုင်ငံတွေကြား အချင်းချင်းဆက်ဆံမှုကို များစွာ အထောက်အကူဖြစ်စေနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့တယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ထားတာပါ။
ဒါ့အပြင် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေနေတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကိုသာမက ဒေသတွင်းနိုင်ငံတွေ အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံမှုအခန်းကဏ္ဍကို တိုးမြှင့်သွားနိုင်မယ့် အခြေအနေတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။
နိုင်ငံ့အာဏာကို စစ်အာဏာသိမ်းမှုနဲ့ ရယူခဲ့တဲ့ ဦးမင်းအောင်လှိုင်အနေနဲ့ သမ္မတရာထူးနဲ့ အိန္ဒိယခရီးစဉ်အပြီး သမ္မတရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်နဲ့ လာမယ့် ဇွန် ၁၅ ရက်နေ့မှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။
အဲဒီခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး စီးပွားရေး လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေနဲ့ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးသွားမယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

