ဂန့်ဂေါမှာ ထိခိုက်ဒဏ်ရာရ PDF တွေအတွက် NUG ထောက်ပံ့ငွေပေးအပ်

0
59

ဂန့်ဂေါ – ဖေဖော်ဝါရီ ၂

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်က ထိခိုက်ဒဏ်ရာရရှိထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပ.က.ဖ ရဲဘော်တွေအတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပံ့ငွေ ကျပ်သိန်း ၃၁၅သိန်း ပေးအပ် ခဲ့တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းများ ညှိနှိုင်းရေးဗဟို ကော်မတီက ဆေးကုသဖို့အတွက် ဂန့်ဂေါမြို့နယ် ပ.က.ဖ ကတဆင့် ထိခိုက်ဒဏ်ရာရရှိ ထားတဲ့ရဲဘော် ၇ ဦးအတွက်ပေးခဲ့တာပါ။

“ဒဏ်ရာရတဲ့သူတွေရော၊ ကျဆုံးတဲ့သူတွေရော နောက်ထပ်ထောက်ပံ့နိုင်အောင် ဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်”လို့ ဂန့်ဂေါမြို့နယ် ပ.က.ဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ထောက်ပံ့ခံရတဲ့ ရဲဘော်တွေဟာ လက်နက်ကြီးတီထွင်ရင်း မိုင်းထိတာ၊စစ်ကောင်စီကို တိုက်ခိုက် ရင်း ဒဏ်ရာရရှိတာနဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုးပြီး တိုက်ပွဲမှာ ဒဏ်ရာရရှိခဲ့သူတွေဖြစ်တယ် လို့ သိရပါတယ်။

ဂန့်ဂေါ ပ.အ.ဖက မွေ့လယ်ကျေးရွာအခြေစိုက် ရဲဘော် ၂ ဦးအတွက် တစ်ဦးကို သိန်း ၅၀ ကျပ်၊ ကန်သာကျေးရွာက ဒဏ်ရာရရဲဘော် တစ်ဦးအတွက်သိန်း ၅၀ ကျပ်၊ ဟံသာဝတီကျေးရွာ အခြေစိုက် ဒဏ်ရာရရဲဘော်တစ်ဦးအတွက် သိန်း ၅၀ ကျပ်၊ကန်ကျေးရွာ အခြေစိုက် ရဲဘော် တစ်ဦးအတွက် သိန်း ၅၀ ကျပ်၊အလယ်ရွာ အခြေစိုက်ရဲဘော်တစ်ဦးအတွက် သိန်း ၅၀ ကျပ်နဲ့  ပျားရွာ အခြေစိုက် ရဲဘော်တစ်ဦးအတွက် ၁၅ သိန်းထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

လက်နက်ကိုင်ခုခံတော်လှန်စစ်အားကောင်းတဲ့ ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတို့ကြား မကြာခဏတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က အထိနာနေသလို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေထည်း ထိခိုက်ကျဆုံးရှိနေတာပါ။ 

အာဏာသိမ်း ၃ နှစ်အတွင်း ဂန့်ဂေါမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား ၁၀၀ ကျော်သေဆုံးထားပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ၁၀၀ ကျော်ရှိနေတယ်လို့ ဒေသတွင်း အချက်အလက်တွေအရ သိရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဂန့်ဂေါ ပ.က.ဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.