ဂျပန်မှာ ငလျင်ကြောင့် သေဆုံးသူ ၆၃ ဦးအထိ ရှိလာ

0
71

တိုကျို၊ ဇန်နဝါရီ ၄

ဂျပန်နိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် သေဆုံးသူ ၆၃ ဦးအထိရှိလာပြီး မြေပြိုမှုနဲ့ မိုးသည်းထန်မှု အန္တရာယ်တွေကြောင့် ကယ်ဆယ်ရေးသမားတွေဟာ အသက်ရှင်ကျန်သူတွေကို ရှာဖွေဖို့ ခက်ခက်ခဲခဲ ကြိုးစားနေကြရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့က အီရှီကာဝါဒေသမှာ ရစ်ချ်တာစကေး ၇ ဒသမ ၅ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် တစ်မီတာကျော်မြင့်တဲ့ ဆူနာမီလှိုင်းကြီးတွေဖြစ်ပေါ်ခဲ့သလို မီးလောင်ကျွမ်းမှုကြောင့် လမ်းမကြီးတွေ ပျက်စီးခဲ့ရတာပါ။

နိုတို ကျွန်းစွယ်ဒေသဟာ အပြင်းထန်ဆုံးထိခိုက်ခဲ့ပြီး အဆောက်အအုံ ရာနဲ့ချီ မီးလောင်ပျက်စီးခဲ့သလို ဝါဂျီမာနဲ့ ဆူဇူတို့အပါအဝင် မြို့တော်တော်များများရဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့အထိ သေဆုံးသူ ၆၃ ဦးရှိတယ်လို့ ဒေသဆိုင်ရာအရာရှိတွေက အတည်ပြုထားပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသူ ၂၀ အပါအဝင် လူ ၃၀၀ လောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဆိုထားပါတယ်။

အင်အားပြင်းငလျင်လှုပ်ခတ်မှုပြီးနောက် နောက်ဆက်တွဲ ငလျင်လှိုင်းတွေလည်း လှုပ်ခတ်ခဲ့ပြီး ရာသီဥတု အခြေအနေ ဆိုးရွားနေတာကြောင့် ရှာဖွေကယ်ဆယ်ရေး အစီအစဉ်တွေ အနှောင့်အယှက်ရှိနေတဲ့အတွက် သေဆုံးသူပိုများလာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံတွေကြားမှာ အသက်ရှင်ကျန်သူတွေရှိနေနိုင်တာကြောင့် ကယ်ဆယ်ရေးအစီအစဉ်တွေကို အချိန်လုပြီး လုပ်ဆောင်နေရတယ်လို့ ဒေသဆိုင်ရာအရာရှိတွေက ပြောပါတယ်။

ဂျပန်မှာ နှစ်စဉ်ငလျင် ရာနဲ့ချီ လှုပ်ခတ်လေ့ရှိပေမယ့် အများစုဟာ အပျက်အစီးဖြစ်ပေါ်လေ့မရှိဘဲ နိုတိုကျွန်းစွယ်မှာလည်း ၂၀၁၈ နောက်ပိုင်း မြေငလျင် လှုပ်ခတ်မှု အကြိမ်ရေ ပိုများလာတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

မိုးလေဝသဌာနက မိုးသည်းထန်နိုင်တယ်လို့ သတိပေးထားပြီး မြို့တွေမှာလည်း လျှပ်စစ်ဓာတ် အားပြတ်တောက်နေသလို ရေပေးဝေမှုစနစ်လည်း ရပ်ဆိုင်းသွားပြီဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဒေသဆိုင်ရာ အရာရှိတွေ၊ရဲတပ်ဖွဲ့ဝင်တွေ၊မီးသတ်သမားတွေနဲ့ တခြား ကယ်ဆယ်ရေးအဖွဲ့တွေအပြင် ကယ်ဆယ်ရေးခွေးတွေက အသက်ရှင်ကျန်သူတွေကို ရှာဖွေ ကယ်ဆယ်နေတယ်လို့ အရာရှိတွေက ပြောထားပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.