လောင်းလုံးမှာ အရပ်သားတစ်ဦးကို စစ်ကောင်စီတပ် ခေါင်းဖြတ်သတ်ဖြတ်

0
51

လောင်းလုံး၊ ဒီဇင်ဘာ ၃၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ စစ်ပြဲကျေးရွာနေ အရပ်သားတစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်သွားပြီး ပြည်သူတွေကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ကစလို့ လောင်းလုံးမြို့ နယ်ထဲ ဝေဒီ၊ ကညုံကျွန်း၊ စစ်ပြဲ၊ လေးသွန်းခံ၊ ဂေါ့အင်း၊ ကထိန်ကြီးနဲ့ နာခံတောကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။

အဲဒီစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၈ ရက်နေ့ စစ်ပြဲကျေးရွာနဲ့ လေးသွန်းခံကျေးရွာက နေအိမ် ၁၂ လုံးကို မီးရှို့ ခဲ့ပြီးနောက် စစ်ပြဲရွာအထွက်မှာ ဒေသခံအရပ်သားပြည်သူတစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်သွားတာ ဖြစ်ပါတယ်။

ခေါင်းဖြတ်သတ်ဖြတ်ခံရတဲ့ အသက် ၃၀ အရွယ် နာတာရှည် တီဗီရောဂါသည် ကိုတိုးနိုးဟာ စစ်မရှောင်နိုင်တာကြောင့် နေအိမ်မှာနေထိုင်နေစဉ် စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံခဲ့ရတာပါ။

စစ်ကောင်စီ စစ်ကြောင်းဟာ နာတာရှည် တီဗီရောဂါသည် ကိုတိုးနိုးကို ခေါင်းဖြတ်သတ်ဖြတ်ပြီးနောက် ကျေးရွာအနီးရှိ တံတားအောက်မှာ ကွန်ကရစ်တိုင်နဲ့ကြိုးချီပြီး ပစ်ချသွားတဲ့အတွက် ဒီဇင် ဘာ ၃၀ ရက်နေ့မှာ မနက်ပိုင်းမှာ ဒေသခံတွေ ပြန်လည်တွေ့ရှိခဲ့တာပါ။

အဲဒီစစ်ကြောင်းဟာ သူတို့စစ်ကြောင်းထိုးရာ ကျေးရွာတလျှောက်ကတွေ့ရှိတဲ့ ဒေသခံတွေကို လူ သားဒိုင်းကာအဖြစ် ဖမ်းဆီးသွားသလို လူမရှိတောတဲ့ နေအိမ်တွေမှာလည်း တန်ဖိုးရှိပစ္စည်းတွေ ဖောက်ထွင်းယူဆောင်တာတွေ လုပ်ဆောင်နေတာပါ။

စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာတာကြောင့် ကျေးရွာ ၈ ရွာထက်မနည်း ထွက်ပြေးတိမ်း ရှောင်နေရပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံတချို့ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေရတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ ၁၅၀ ထက်မနည်း သေဆုံးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.