အာဏာဆက်မြဲဖို့ ခြေဥကိုအသုံးချပြီး စစ်ကောင်စီ ဘယ်ခြေလှမ်းဦးမလဲ

0
50

မော်လမြိုင်၊ ဒီဇင်ဘာ ၃၁

အရေးပေါ်သက်တမ်းကုန်ဆုံးဖို့ တစ်လသာကျန်ရှိတော့တဲ့အချိန်မှာ စစ်ရေးအရ အရေးမလှဖြစ်လာနေတဲ့ စစ်ကောင်စီအနေနဲ့ သိမ်းယူထားတဲ့ အာဏာဆက်မြဲဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အ သုံးချပြီး ဘယ်ခြေလှမ်းဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။

၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့မှာ ခေါ်ယူကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကနေ ထပ်မံတိုးယူခဲ့တဲ့ အရေးပေါ်သက်တမ်း ၆ လဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

တစ်ဖက်မှာ တစ်နိုင်ငံလုံးအနှံ့နီးပါး လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး ထိုးစစ်ကလည်း တဖြည်းဖြည်းနဲ့ အရှိန်အဟုန်ကောင်းလာနေပြီး စစ်ကောင်စီဌာနချုပ် နေပြည်တော်ကို ခြိမ်းခြောက်လာနေတာပါ။

စစ်ကောင်စီအနေနဲ့ အရေးပေါ်သက်တမ်းကုန်ဆုံးပြီးနောက်ပိုင်း နောက်ထပ် ၆ လ ထပ်မံတိုးယူလို့ ရနိုင်သလို EAO တွေနဲ့ နိုင်ငံရေးပါတီတွေက အကြံပြုတဲ့ ပုဂ္ဂိုလ်တွေပါဝင်အောင် လုပ်ဆောင်ပြီး ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေက အကြုံပြုထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ညွန့်ပေါင်းအစိုးရဖွဲ့စည်းပြီးတဲ့အခါ နိုင်ငံကို အုပ်ချုပ်ဖို့ ဖက်ဒရယ်မူကိုချပြပြီး အခြေခံဥပဒေပြင် ဆင်တာ ဖျက်သိမ်းတာတွေကို လုပ်ဆောင်ပြီးရင်တော့ အားလုံးသဘောတူညီတဲ့ အခြေခံဥပဒေရရှိရင် ရွေးကောက်ပွဲလုပ်ဖို့ အကြံပြုပြောဆိုထားတာပါ။

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေသူ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းတွေနဲ့ စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အကြံပေး စဝ်ခွန်းဆိုင်က ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ စစ်ကောင်စီကို EAO တွေက အကြံပြုခဲ့တာလို့ CNI သတင်းဌာနကို ပြောဆိုခဲ့တာပါ။

ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့ စစ်ကောင်စီကို EAO တွေ အကြုံပြုထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး PPST မှာ ဆွေးနွေးညှိနှိုင်းခဲ့တာမရှိခဲ့သလို အကြုံပြုတာမရှိဘူးလို့ PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

“EAO ဆိုတာကလည်း အများကြီးရှိတယ်လေ။ EAO ထဲမှာ NCA လက်မှတ်ရေးထိုးထားတဲ့ EAO လား၊ မထိုးထားတဲ့ EAO လား၊ အဲဒီလို သဲသဲကွဲကွဲ မရှိဘူး။ ဘယ် EAO ကနေ ပြောခဲ့သလဲ။ EAO အားလုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပြောတာလား ဒါမှမဟုတ် တစ်ဦးတစ်ယောက်တည်းရဲ့အမြင်နဲ့ အကြံပြုတာလားဆိုတာလည်း ဘယ်သူဘယ်ဝါက အကြံပြုလည်းဆိုတာ တိတိကျကျတော့ ကျွန်တော်တို့လည်း မသိပါဘူးခင်ဗျ။ သေချာတာတစ်ခုက တော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ PPST မှာ ဆွေးနွေးညှိနှိုင်းတာတို့ကတော့ မရှိခဲ့တာတော့ အမှန်ပါ။ အကြံပြုတာလည်း မရှိပါဘူး”လို့ ဆိုပါတယ်။

ဒါပေမယ့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းတာဟာ လက်ရှိနိုင်ငံရေး အကျပ်အတည်းကို လျှော့ချကျော်လွှားနိုင်တဲ့ ရည်မှန်းချက်ရှိရင် အားလုံးရဲ့ ညှိနှိုင်းဆွေးနွေးမှုအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရင် ကောင်းတဲ့အစီအစဉ်လို့ ဗိုလ်မှူးကြီးစောကျော်ညွန့်က မှတ်ချက်ပြုပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ NCA နှစ်ပတ်လည်နဲ့ ဆက်စပ်ပြီး အလွတ်သဘောဆွေး နွေးမှုအပြီး စစ်ကောင်စီနဲ့ ဆွေးနွေးမှုရှိခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့ကြားဒီကနေ့အထိတွေ့ဆုံမှု မလုပ်နိုင်ခဲ့ဘူးလို့ သူကဆိုပါတယ်။

လက်ရှိ PPST အဖွဲ့မှာတော့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PLO) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့သာ ကျန်ရှိတော့တာပါ။

စစ်ကောင်စီကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာနှောင်းပိုင်းကစပြီး လက်ရှိအချိန်ထိ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကနေ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်၊ ကရင်နီ၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ ပဲခူးနဲ့ ကရင်တို့မှာ ခံစစ်အနေအထားနဲ့ ရင်ဆိုင်နေရတာပါ။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ တိုင်းပြည်အခြေအနေ ပုံမှန်မရောက်သေးတဲ့အတွက် စစ်ကောင်စီအနေနဲ့ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေလုပ်ဖို့ လက်ထဲအာဏာရှိဖို့လိုတာကြောင့် ၆ လ သက်တမ်းတိုးယူမှာ သေချာတယ်လို့ သုံးသပ်ပါတယ်။

“တိုင်းပြည်ရဲ့ အခြေအနေက ပုံမှန်အခြေအနေမရောက်သေးဘူး။ ဒါကြောင့် သေချာတာက သူ့အနေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဘယ်လိုပဲအစီအစဉ်ချချ၊ ဘယ်လိုပဲအကောင်အထည်ဖော်ဖော် နောက် ထပ် ၆ လ သက်တမ်းကတော့ မဖြစ်မနေ တိုးရမယ့်အနေအထားမျိုးရှိတယ်။ ဒါမှလည်း သူ့လက်ထဲမှာ အာဏာရှိပြီးတော့ သူလုပ်ချင်တာတွေကိုလည်း လုပ်လို့ရမှာပေါ့။ သူ့အနေနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့မလားဆိုရင်လည်းပဲ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးလုပ်မယ်ဆိုရင် သူ့လက်ထဲ လောလောဆယ် အာဏာရှိနေဖို့ လိုတာပေါ့။ ဒါကြောင့် အဲဒီနှစ်ချက်ကို ထောက်လို့ရှိရင် တိုင်းပြည်က ပုံမှန်အခြေအ နေမဟုတ်သေးဘူး။ နောက်ပြီးတော့ ရှေ့ဆက်လုပ်ဖို့ သူ့လက်ထဲအာဏာရှိဖို့ လိုတယ်။ အဲဒီ နှစ်ချက်ကြောင့် သူ ၆ လ သက်တမ်းတိုးမယ်ဆိုတာတော့ သေချာပါတယ်”လို့ ဆိုပါ တယ်။

စစ်ကောင်စီအနေနဲ့ စစ်ရေးအကျပ်အတည်းတွေ့နေချိန်မှာ တိုင်းရင်းသားတွေကို ညွန့်ပေါင်းအစိုးရဖွဲဖို့ဖြစ်စေ ငြိမ်းချမ်းရေးလုပ်ဖို့ဖြစ်စေ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်း‌ရေးနဲ့ နိုင်ငံရေးမှာ တပ်မတော် မပါ ဝင်တော့ဘူးဆိုတဲ့ကတိကို ကြိုပေးနိုင်ရင် တစ်ဘက်အဖွဲ့တွေက အပြုသဘောတုံ့ပြန်လာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။

စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ကတော့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ NCA အပေါ် ရပ်တည်ကြောင်း အမြဲတစေဟစ်ကြွေးနေတဲ့ စစ်ကောင်စီကို အယုံအကြည်မရှိသလို တွေ့ဆုံဆွေးနွေးဖို့ မရှိဘူးလို့ ထုတ်ပြောထားကြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ ကာလုံအစည်းအဝေး ခေါ်ယူကာ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီး တစ်နှစ်အာဏာလွှဲယူခဲ့တာပါ။

အဲဒီကနေတစ်ဆင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၂၅ အရ တစ်ကြိမ်မှာ ၆ လအထိ တိုးမြှင့်ခွင့်ရှိတဲ့ သက်တမ်းကို စစ်ကောင်စီက ၄ ကြိမ်အထိတိုးယူခဲ့ပြီး နိုင်ငံကို သုံးနှစ်တာ အုပ်ချုပ်ဖို့ ကြိုး ပမ်းခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ဇန်နဝါရီ ၃၁ ရက်နေ့မှာ ခေါ်ယူမယ့် ကာလုံအစည်းအဝေးမှာတော့ စစ်ကောင်စီအနေနဲ့ ဘယ်လိုအကြောင်းပြချက်တွေပေးပြီး နိုင်ငံ့အာဏာကို ဆက်လက်ဆုပ်ကိုင်ဖို့ ကြိုးပမ်းဦးမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.