ကျိုက်ထိုမှာ လင်မယားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခင်ပွန်းဖြစ်သူသေဆုံး

0
66

ကျိုက်ထို၊ ဒီဇင်ဘာ ၃၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးရှိ ကျွဲကောခြံအတွင်း လင်မယားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် ခင်ပွန်းဖြစ်သူ သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က အင်္ဂဘိုကျေးရွာနေ အသက် ၄၀ အရွယ် ဦးနိုင်ဝင်းနဲ့ ဒေါ်မိမိတို့ လင်မယားနှစ်ဦးဟာ ကျွဲကောခြံအတွင်း မျောတိုင်ခုတ်ဖို့သွားစဉ် မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။

မြေမြှုပ်မိုင်းနင်းမိတာကြောင့် ခင်ပွန်းဖြစ်သူ ဦးနိုင်ဝင်းဟာ ခြေလက်နဲ့ဝမ်းဗိုက်တို့မှာ ပေါက်ပြဲဒဏ် ရာ၊ ဇနီးဖြစ်သူဒေါ်မိမိမှာ ဘယ်ဘက်တင်းပါ၊ ဝမ်းဗိုက်နဲ့ လက်နှစ်ဖက်မှာ မိုင်းစထိမှန်ပေါက်ပြဲဒဏ် ရာတွေရရှိခဲ့တာပါ။

အဲဒီနောက် လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ခင်ပွန်းဖြစ်သူ ဦးနိုင်ဝင်းသေဆုံးသွားပြီး ဇနီးဖြစ်သူကိုတော့ ရန်ကုန်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မြေမြှုပ်မိုင်းပေါက်ကွဲခဲ့တဲ့ အင်္ဂဘိုကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် ထိန်းချုပ်နယ်မြေဖြစ်ပြီး စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်က ကင်းပုန်းဝပ်တာတွေ ရှိနေပါတယ်။

ဒီမြေမြှုပ်မိုင်းဟာ စစ်ကောင်စီတပ်က ထောင်ထားတဲ့မိုင်းတွေဖြစ်ပြီး သူတို့ဘက်က သွားလာတာတွေမလုပ်ဖို့ ဒေသခံတွေကို တားမြစ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ သစ်ဆိပ်ပင်ကျေးရွာ အကျဉ်းဦးစီးဌာနပိုင် ရွှေဖြူရော်ဘာခြံမှာ ရော်ဘာအစေးခြစ်ဖို့သွားတဲ့ အမျိုးသား ၁ ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ LCMM ရဲ့ ဒီဇင်ဘာလ ထုတ်ပြန် အစီရင်ခံစာအရ အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် လူပေါင်း ၂၀၀ ထက်မနည်း သေဆုံးတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.