ထိုင်းရောက် မြန်မာလုပ်သားတွေဆီက ဒေါ်လာတစ်သန်းကျော် အခွန်ကောက်ဖို့ စစ်ကောင်စီကြိုးပမ်း

0
49

မော်လမြိုင်၊ ဒီဇင်ဘာ ၃၁

ပြည်တွင်းမှာ ဆင်းရဲမွဲတေမှုတွေနဲ့အတူ အခက်အခဲတွေကြောင့် ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို အထောက်အထားတွေ ထုတ်ပေးပြီး အဲဒီကအခွန်အဖြစ် အမေရိကန်ဒေါ်လာ တစ်သန်းကျော် အခွန်ကောက်ခံဖို့ စစ်ကောင်စီဘက်က ကြိုးပမ်းလာတာပါ။

ထိုင်းအလုပ်ရှင်တွေဘက်က အမည်စာရင်းတင်သွင်းထားတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၉ သိန်းကို သက်သေခံလက်မှတ် CI စာအုပ်ထုတ်ပေးဖို့ စစ်ကောင်စီအလုပ်သမားဝန် ကြီးဌာနရဲ့ ဘန်ကောက်အခြေစိုက်မြန်မာသံရုံးက ပြီးခဲ့တဲ့ရက်ပိုင်းမှာ အသိပေးထားတာပါ။

CI စာအုပ်လုပ်မယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ အခွန် ၄ လစာအဖြစ် တစ်ဦးကို ထိုင်းဘတ်ငွေ ၆၀၀ ပေးဆောင်ရမှာဖြစ်တဲ့အတွက် စစ်ကောင်စီအနေနဲ့ အဲဒီကနေအခွန်အဖြစ် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ သန်းနဲ့ ညီမျှတဲ့ ငွေကြေးရရှိဖို့ ဦးတည်နေတာဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ့ ဒီနှစ်အောက်တိုဘာလကစပြီး အစိုးရကို လစဉ် ဘတ်ငွေ ၁၅၀ အခွန်ပေးဆောင်ရမယ်လို့ သံရုံးက ဆိုထားပြီး အခွန်ပေးဆောင်တာကို ပတ်စ်ပို့သက်တမ်းတိုးတာနဲ့ ကောင်စစ်ဝန်ရုံးက ဝန်ဆောင်မှုတွေရယူချိန်မှာ ပေးဆောင်ရမှာ ဖြစ်ကာ အခွန် ပေးဆောင်ထားတာမရှိပါက ဝန်ဆောင်မှုပေးမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ဒီလုပ်ဆောင်ချက်ကြောင့် ထိုင်းနိုင်ငံအတွင်းမှာ အထောက်အထားမဲ့ မြန်မာတွေ ပိုများလာနိုင်တယ်လို့ မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED ညွှန်ကြားရေးမှူး ဦးထူးချစ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တဖက်ကလည်း အခွန် ၂ ရာခိုင်နှုန်းပေးရမယ်။ တကယ်လို့ အခွန်မပေးတဲ့အလုပ်သမားတွေက နောက် ၂ နှစ်အထိ CI တွေက သက်တမ်း ၂နှစ်အထိရတာဆိုတော့ အဲဒီအတွင်းမှာတော့ ပြဿနာတော့ မရှိနိုင်ဘူး။ ဒါပေမယ့် နောက်ပိုင်းအခွန်မပေးလို့ရှိရင်တော့ သူတို့သက်တမ်းတိုးဖို့ခက်တဲ့ ကိစ္စတွေ ရင်ဆိုင်ရမယ်။ ဒါကြောင့်မလို့ ထိုင်းနိုင်ငံတစ်ခုထဲအနေနဲ့ပဲ ပြောရမယ်ဆိုရင် အခုနပြောသလို အခွန်မပေးလို့ သက်တမ်းတိုးလို့မရဘူးဆိုရင်တော့ ထိုင်းနိုင်ငံမှာ တရားမဝင်တဲ့ရွှေ့ပြောင်း အလုပ် သမားတွေ ပိုများလာလိမ့်မယ်လို့”လို့ သူက ဆိုပါတယ်။

လာမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ပထမအပတ်ကစပြီး စစ်ကောင်စီဟာ ထိုင်းနိုင်ငံ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချွန်ဘူရီ၊ ပထုန်ဌာနီ မြို့တွေနဲ့ Mobile Unit သုံးခုဖွင့်လှစ်ပြီး CI စာအုပ် လုပ် ဆောင်ပေးမှာဖြစ်ပါတယ်။

အရင်က CI စာအုပ်လုပ်ဆောင်ဖို့ ထိုင်းအစိုးရကို ဗီဇာကြေး ဘတ်ငွေ ၅၀၀ နဲ့ မြန်မာအစိုးရကို စာ အုပ်ဖိုး ဘတ်ငွေ ၇၀၀ ပေးဆောင်ရတာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းရောက်မြန်မာအလုပ်သမားတွေအတွက် CI စာအုပ်ဟာ အရေးပါလို့ အခွန်မဖြစ်မနေပေး ဆောင်ရမယ့် အခြေအနေနဲ့ ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က နားလည်ပေးဖို့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။

“ကျွန်တော့်အနေနဲ့ဆိုရင်လည်း စစ်ကောင်စီကို အခွန်မဆောင်ချင်ပေမယ့် နိုင်ငံခြားမှာ အထောက် အထားတစ်ခုရယ်၊ တရားဝင်နေထိုင်ခွင့်ရယ်က အလုပ်သမားတွေအတွက် အရေးကြီးတယ်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဆောင်ခိုင်းတဲ့အခွန်ကို ကျွန်တော်တို့က ဆောင်ရမယ့်အနေအထားရှိတယ်။ ဒါကိုလက်ရှိ တော်လှန်ရေးအင်အားစုတွေအနေနဲ့ နားလည်ပေးမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ သူကဆိုပါတယ်။

စစ်ကောင်စီ အခွန်ရဖို့ဦးတည်ထားတဲ့ CI စာအုပ်ဟာ ထိုင်းနိုင်ငံမှာ ရောက်ရှိနေပြီး Passport မရှိတဲ့ မြန်မာနိုင်ငံသားတွေကို Visa ထည့်ပြီး ကိုင်ဆောင်ဖို့ နှစ်နိုင်ငံအစိုးရ သဘောတူချက်နဲ့ ပြုလုပ်ပေးထားတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (certificate of identity) ဖြစ်ပါတယ်။

လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ တရားဝင်ရော၊ တရားမဝင်ပါ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန် မာနိုင်ငံသား ၅ သန်းလောက်ရှိနိုင်တယ်လို့ ဆိုထားပြီး သူတို့တွေဟာ ထိုင်းအစိုးရရဲ့ တင်းကျပ်မှုတွေအပြင် မြန်မာနိုင်ငံသားပွဲစားတွေရဲ့ လိမ်လည်မှုတွေကို နေ့စဉ်လိုလိုခံနေရတယ်လို့ အလုပ်သမားအ ရေးကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောထားပါတယ်။

နိုင်ငံခြားငွေရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီဟာ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေဆီက အခွန်ခေါင်းစဉ်နဲ့ ငွေတောင်းခံဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံဆိုင်ရာ ထိုင်း၊ တရုတ်၊ စင်္ကာပူနဲ့ ကိုရီးယားအခြေစိုက်သံရုံးတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း မြန်မာနိုင်ငံသားတွေကို အခွန်ဆောင်ဖို့ ထုတ်ပြန်ထားတာတွေလည်း ရှိနေပါတယ်။

ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ တရားဝင်လမ်းကြောင်းတွေကနေ ငွေမလွှဲရင် ဒါမှမဟုတ် ဝင် ငွေခွန်မဆောင်ရင် MOU လိုင်စင်တွေပါ ပိတ်သိမ်းမှာဖြစ်တယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အလုပ်သမားတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး အလုပ်သမားတွေ အခွန်မဆောင်ရအောင် လုပ်ပေးဖို့ မျှော်လင့်နေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.