ရိုဟင်ဂျာတွေ တင်ဆောင်လာတဲ့ လှေကို အင်ဒိုနီးရှားရေတပ် မောင်းထုတ်

0
53

ဂျာကာတာ၊ ဒီဇင်ဘာ ၃၁

ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နိုင်ငံတွေမှ ဒုက္ခသည်တွေ တိုးပွားလာနေတဲ့အလျောက် မြန်မာပြည်ကနေ ရိုဟင်ဂျာ တွေတင်ဆောင်လာတဲ့ လှေတစ်စင်းကို အာချေးမှာ အင်ဒိုနီးရှားရေတပ်က မောင်းထုတ်ခဲ့တယ်လို့ စစ်တပ်ပြော ရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အဲဒီလှေဟာ ဆူမားတြားကမ်းလွန်ရှိ ဝါချ်ကျွန်းအနီး ရေပြင်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး လှေပေါ်မှာ ရိုဟင်ဂျာ ဘယ် လောက်လိုက်ပါလာကြောင်းကိုလည်း ခန့်မှန်းမထားဘူးလို့ သူက ဆိုပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNCHR ရဲ့ အချက်အလက်တွေအရ နိုဝင်ဘာလမှစတင်ပြီး  ရိုဟင်ဂျာ ၁,၅၀၀ ကျော် အင်ဒိုနီးရှားသို့ ဆိုက်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လှေစီးရေ တိုးလာမှုအပေါ် ဒေသခံတွေကလည်း စိတ်ပျက်နေတာကြောင့် ဒုက္ခသည်တွေအပေါ် ရန်လိုမှုနဲ့ ငြင်းပယ်မှုတွေ မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့က အာချေးမြို့တော်ရှိ ရိုဟင်ဂျာ ရာနဲ့ချီ နေထိုင်တဲ့ ကွန်ဗင်းရှင်းစင်တာကို အင်ဒိုနီးရှား ကျောင်းသားအများအပြားက ဝင်စီးခဲ့ပြီးနောက် နေရပ်ပြန်ပို့ဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။

ထိခိုက်ခံစားလွယ်တဲ့ ဒုက္ခသည်မိသားစုတွေ ခိုလှုံရာနေရာတစ်ခုသို့ လူအုပ်ရဲ့တိုက်ခိုက်ခံရမှုအတွက် များစွာစိတ်အနှောင့်အယှက်ဖြစ်မိကြောင်း UNHCR က ပြောကြားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ မွတ်ဆလင် အများစုနေထိုင်တဲ့ အကြီးမားဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားဟာ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းမှာ လက်မှတ် ရေးထိုးထားတဲ့ နိုင်ငံမဟုတ်ပေမယ့်လည်း ဒုက္ခသည်တွေ ရောက်ရှိပါက လက်ခံရယူပေးထားတဲ့ မှတ်တမ်းတော့ ရှိနေခဲ့တာဖြစ်ပါတယ်။

ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ အင်ဒိုနီးရှားက မြန်မာအာဏာပိုင်တွေကို တိုက်တွန်းထားပြီး နောက်ဆုံးဝင်ရောက်လာတဲ့ လူအုပ်ထဲမှာ ပါဝင်လာတယ်လို့ သံသယရှိတဲ့ လူကုန်ကူးသူတွေကိုလည်း နှိမ်နင်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref: Asiaone

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.