ထို့ကော်ကိုး-ကျော်ခို့လမ်းပိုင်းမှာ ၁၀ ဘီးယာဉ်နဲ့အထက် ဖြတ်သန်းသွားလာမှု အရေးယူမယ်လို့ PC အမိန့်ထုတ်

0
51

ကော့ကရိတ်၊ ဒီဇင်ဘာ ၃၁

ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းတစ်ခုဖြစ်တဲ့ ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီမြို့ကို ဆက်သွယ်ထားတဲ့ ထို့ကော်ကိုး-ကျော်ခို့လမ်းပိုင်းမှာ ၁၀ ဘီးယာဉ်နဲ့အထက် ဖြတ်သန်းသွားလာမှု အရေးယူမယ်လို့ ကရင်ငြိမ်းချမ်းရေးကောင်စီ PC က အမိန့်ထုတ်ပြန်ပါတယ်။

ထို့ကော်ကိုး-ကျော်ခို့လမ်းပိုင်းမှာ ၁၀ ဘီးအထက်ယာဉ်တွေ ဖြတ်သန်းသွားလာတာမလုပ်ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့က ကရင့်လက်နက်ကိုင်တပ်ဖွဲ့စည်းလုံးညီညွှတ်ရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ တားမြစ်စာထုတ်ပြန်ခဲ့ပေမယ့် ကားသမားတွေဘက်က လိုက်နာမှုမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

တချို့သော ၁၀ ဘီးယာဉ်နဲ့အထက် ကုန်တင်ယာဉ်တွေအပါအဝင် တွဲကားတွေဟာ ခရီးသွားလာခွင့် ပိတ်ပင်တားမြစ်ချက်အပေါ် လေးစားလိုက်နာမှုမရှိဘဲ နားလည်မှုနဲ့ ခရီးသွားလာခြင်းတွေကြောင့် တည်ဆောက်ဆဲလမ်း၊ တံတားတွေ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်လာကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် လာမယ့်ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ထို့ကော်ကိုး-ကျော်ခို့လမ်းပိုင်းမှာ ၁၀ ဘီးယာဉ်နဲ့အ ထက် ဖြတ်သန်းသွားလာမှု မရှိစေရေးနဲ့ လိုအပ်သလို ဆက်လက်အသိပေးဖို့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA/PC ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး နော်ကပေါ်ထူး လက်မှတ်ရေးထိုးပြီး ဒီဇင်ဘာ ၂၇ ရက်နေ့မှာ အမိန့်ထုတ်ပြန်ခဲ့တာပါ။

ထို့ကော်ကိုး-ကျော်ခို့လမ်းပိုင်းမှာ ၁၀ ဘီးယာဉ်နဲ့အထက် ဖြတ်သန်းသွားလာမှုတွေကို စောင်ကြည့်ဖမ်းဆီးသွားမှာဖြစ်ပြီး စည်းကမ်းမလိုက်နာတဲ့ ကားသမားတွေကို ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ကရင်ငြိမ်းချမ်းရေးကောင်စီ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောကျော်ညွှန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာ ကုန်တင်ကားသမားတွေ စည်းကမ်းမလိုက်နာတာကြောင့် ထို့ကော်ကိုး-ကျော်ခို့လမ်းပိုင်းက မြေသားလမ်းတွေ ချိုင့်ခွက်တွေအဖြစ်များလာတာ၊ တံတား ၃ ခုထက်မနည်း နိမ့်ဆင်းသွားတာ၊ နေ့စဉ်မပြတ်သွားလာနေတဲ့ ကားတွေကြောင့် ပျက်စီးယိုယွင်းမှုလာတဲ့အတွက် ပြင်ဆင်မှုတွေ လုပ် ဆောင်နေရတယ်လို့ ဆိုပါတယ်။

ထို့ကော်ကိုး-ကျော်ခို့လမ်းပိုင်းဟာ ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော် လှန်ရေးအင်အားစုတို့ကြား ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံကုန် သွယ်ရေး အဓိကလမ်းပိုင်းဖြစ်တဲ့ အာရှလမ်းမကြီး သွားလာခွင့်ကန့်သတ်ခံထားရတဲ့အတွက် ထို့ကော်ကိုး လမ်းပိုင်းကို ပြန်လည်အသုံးပြုနေရတာပါ။

ဒါပေမယ့် မြေသားလမ်းဖြစ်တဲ့ ထို့ကော်ကိုး-ကျော်ခို့လမ်းပိုင်းဟာ ယာဉ်နဲ့ကုန်ဝန်မမျှ တင်လာတဲ့ ကုန်ကားကြီးတွေကြောင့် လမ်းပိတ်ဆို့တာတွေဖြစ်ပေါ်ခဲ့ပြီး ခရီးလမ်းကြန့်ကြာမှုတွေ ရှိနေသလို ယာဉ်ငယ်တွေ ချောက်ထဲကျတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ထို့ကော်ကိုး-ကျော်ခို့လမ်းပိုင်းမှာ ကရင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA/PC ရဲ့ ထိန်းချုပ်မှု နယ်မြေထဲမှာ ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.