ကော့ကရိတ်မှာ လက်နက်ကြီးကျလို့ ဆရာတော်တစ်ပါးပျံလွန်

0
43

ကော့ကရိတ်၊ ဒီဇင်ဘာ ၁၅

ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ် တိုက်ပွဲအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဆရာတော်တစ်ပါးပျံလွန်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ကောကရိတ်မြို့ရှိ စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး KNLA တော် လှန်ရေးအင်အားစုအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ ဒီဇင်ဘာ ၁၄ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

တိုက်ပွဲအတွင်း ဒီဇင်ဘာ ၁၃ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ရဲ့ စကခ ၁၂ လက် အောက်ခံ အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ကော့ကရိတ်မြို့ အမှတ် ၂ ရပ်ကွက် မြို့တော်ဦးဘုန်းကြီးကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဆရာတော် ၁ ပါး ပျံလွန်တော်မူပြီး ၂ ပါး ဒဏ် ရာပြင်းထန်ရရှိခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

ကော့ကရိတ်မြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူနေထိုင်ရာ နေရာတွေထဲကို ဦး တည်ပစ်မှတ်ထားပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် မြို့လုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

၂ ပတ်တာ ကြာလာပြီဖြစ်တဲ့ ကော့ကရိတ်မြို့တိုက်ပွဲမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ စခန်းအချို့ တိုက်ခိုက်သိမ်းပိုက်ထားသလို ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အာရှလမ်းမကြိးကို ထိန်းချုပ်ထားတယ်လို့ နဂါးဖြူစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ကျားဖြူစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.