မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “လက်ခတ်တောင်ကို စစ်တပ်ကထိန်းချုပ်လိုက်ပြီ” ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို ရက်နေ့က HEIN LYNN HTET, မှိုင်းဝေ၊ Han Nyein Oo၊ Saw Ba Maung၊ တပ်ကြပ်ကြီးဖိုးစီ၊ မှိုင်းဝေစတဲ့ တယ်လီဂရမ်ချန်နယ်တွေနဲ့ Tiktok တွေမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်မှာတော့ လက်ခတ်တောင် တာဝါတိုင်ကုန်းစခန်းပေါ်မှာ လက်ရှိအချိန်အထိ Croba Column စစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့များက နယ်မြေထိန်းချုပ်စိုးမိုးနေရာယူထားဆဲဖြစ်ပြီး Croba Column စစ်ကြောင်းမှ စစ်သည်ရဲဘော်များ လုံခြုံရေးတာဝန် ထမ်းဆောင်နေကြတဲ့ မှတ်တမ်းရုပ်သံများကို Croba Column ကသတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

တပ်ထောက်ခံတွေဖြန့်ဝေနေသလို လက်ခတ်တောင်ကို စစ်တပ်ကထိန်းချုပ်လိုက်ပြီးဆိုတဲ့ သတင်းဟာ သတင်းမှားတစ်ခုသာဖြစ်ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီက အင်အားဖြည့်တင်းပြီး လက်ခတ်တောင်စခန်းကုန်းကို ဒရုန်းဗုံးများ၊ ဂျက်ဖိုက်တာယာဉ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ကာ စစ်တပ်ဘက်က လက်ခတ်တောင်ကို ရယူရန် ကြိုးစားနေတယ်လို့ Croba Columnက သတင်းထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ ကော်ဘရာစစ်ကြောင်း Croba Column ထိန်းချုပ်ထားတဲ့ လက်ခတ်တောင်ကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုများလည်း ထိုးစစ်ဆင်ခဲ့ပေမယ့် တပ်ပြန်ဆုတ်ခဲ့ရတယ်လို့လည်း စိစစ်တွေ့ရှိရပါတယ်။

လက်ခတ်တောင်ကြောတစ်ခုလုံးကို တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်၊ Federal Wings တို့က ၂၀၂၃၊ ဇူလိုင်လ၂၁ရက်နေ့ တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Croba Columnစစ်ကြောင်းက သတင်းထုတ်ပြန်ထားတဲ့ လင့်

https://shorturl.at/ahzIU

DVBသတင်းဌာနကဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/cqIZ9

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ ” လက်ခတ်တောင်ကို စစ်တပ်ကထိန်းချုပ်လိုက်ပြီဆိုတဲ့” ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.