လွိုင်ကော်၊ စက်တင်ဘာ(၉)
မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ဌာနချုပ်တပ်ရင်း၊တပ်စခန်းတွေအထိ တော်လှန်ရေးအင်အားစုတွေရဲ့ ဝေဟင်ဒရုန်းစစ်ဆင်ရေးတွေကြောင့် အထိနာနေတာ ဖြစ်ပါတယ်။
အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်းမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းစစ်ဆင်ရေးတွေဟာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေနဲ့အပြိုင် နာမည် ကြီးလာပြီး စစ်အုပ်စုကို အခက်တွေ့စေခဲ့တာပါ။
အနီးစပ်ဆုံးအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ကရင်ပြည်နယ် မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီ အမှတ် (၂၇၅)ခြေလျင်တပ်ရင်းက ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်းအပါအဝင် ၉ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းစစ်ဆင်ရေးတွေဟာ မြေပြင်တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနဲ့ ဌာနဆိုင်ရာရုံးတွေအခြေချတဲ့ မြို့ပေါ်တွေအထိ ဆင်နွှဲလာနိုင်တဲ့အတွက် စစ်ကောင်စီကို အကြပ်ရိုက်စေခဲ့တာပါ။
ကယားပြည်နယ်က တော်လှန်ရေးအင်အားစုတစ်ခုဖြစ်တဲ့ ကရင်နီတပ်မတော်(KA) ဒရုန်းတပ်ဖွဲ့ တာ ဝန်ရှိသူတစ်ဦးကတော့ ဝေဟင်ဒရုန်းစစ်ဆင်ရေးတွေဟာ ရန်သူကို ချေမှုန်းတာနဲ့ သတင်းထောက်လှမ်းရာမှာလည်း ထိရောက်မှုများစွာ ရှိလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒရုန်းစစ်ဆင်ရေးကအခုနောက်ပိုင်းဆိုရင် တော်တော်အောင်မြင်လာတယ်ပေါ့။ ဒီဒရုန်းတွေကချေ မှုန်းရေး ရဲဘော်တွေကိုလည်း သက်သာစေတယ်။ ကင်းထောက်တာတွေလည်း အဆင်ပြေတယ်ပေါ့။ အခုရန်သူတွေ တက်လာပြီဆိုရင်လည်း ကျွန်တော်တို့အဝေးကနေ လှမ်းမြင်နိုင်တယ်။ ကျွန်တော်တို့အပေါ်စီးကနေ ကြည့်နိုင်တယ်။ ကင်မရာကောင်းရင်တော့ ပိုပြီးအဆင်ပြေတာပေါ့၊ ဗုံးသီးချမယ်ဆိုရင်လည်း ဒရုန်းနဲ့ချတာက ပိုပြီးတော့တိကျတယ်။ နောက်ပိုပြီးတော့ထိရောက်မှုရှိတယ်။ ရန်သူကိုချေမှုန်းတဲ့နေရာမှာ တော်တော်ထိရောက်မှုရှိတယ်ပေါ့” လို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းတွေဟာ ၆၀ မမ ဗုံးသီး ၃ လုံးကနေ ၆ လုံးအထိ သယ်နိုင်တဲ့ဒရုန်းတွေ အသုံးပြုလာနိုင်ပြီး ဗုံးသီးတစ်လုံးရဲ့ပြင်းအားဟာ ပေ ၁၀၀ ပတ်လည်ကို သက်ရောက်မှု ရှိတယ်လို့ ဒရုန်းတပ်ဖွဲ့တွေဆီက သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ မောင်းသူမဲ့ဒရုန်း အသုံးပြုမှုတွေဟာ အနာဂတ်မှာစိန်ခေါ်မှုတစ်ရပ်ဖြစ်လာတယ်လို့ ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်က အင်ဒိုနီးရှားနိုင်ငံ လာဘွန်ဘာဂျိုးမြို့မှာ ပြုလုပ်တဲ့ နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးမှာ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကဝန်ခံခဲ့ပါတယ်။
CDM ဗိုလ်ကြီးထက်မြတ်ကတော့ တော်လှန်ရေးအင်အားစုတွေရဲ့ ဝေဟင်ဒရုန်းစစ်ဆင်ရေးတွေကို စစ်ကောင်စီဘက်က ထိန်းချုပ်ဖို့ ပိုမိုခက်ခဲလာပြီလို့ သုံးသပ်ပါတယ်။
“အခုဆိုရင် ဒရုန်းတပ်ဖွဲ့တွေဟာ ရန်သူတွေကို ထိထိရောက်ရောက်ချေမှုန်းနိုင်လာတဲ့ ဝေဟင်လက် နက်ကြီး တပ်ဖွဲ့တွေဖြစ်လာတယ်။ စစ်ကောင်စီတပ်အနေနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ထိန်းချုပ်ဖို့ မလွယ်ကူနိုင်ဘူးပေါ့။ သူတို့တွေကလည်း နည်းမျိုးစုံနဲ့ကာကွယ်ဖို့ကြိုးစားတာပဲပေါ့။ Drone Jumper တွေသုံးတယ်။ Drone Catcher တွေသုံးတယ်။ ဒါပေမယ့်မထိန်းချုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းစစ်ဆင်ရေးတစ်ခုထဲနဲ့ တိုက်ခိုက်နေတာမဟုတ်ဘူးပေါ့နော်။ နည်းပေါင်းစုံ၊ ဘက်ပေါင်းစုံကနေ တိုက်ခိုက်နေတာဖြစ်တယ်။ မြေပြင်ကတိုက်ခိုက်တာရှိသလို ဒရုန်းနဲ့ပစ်ချတာလည်းရှိတယ်။ ဒါကြောင့် အမျိုးစုံတိုက်ခိုက်ခံနေရ တဲ့စစ်ကောင်စီတပ်စားတွေအနေနဲ့ ဒရုန်းတစ်ခုထဲကို အာရုံထားပြီးခုခံဖို့မလွယ်ဘူးပေါ့နော်။ ဒါကြောင့်မလို့ ပြေးဖို့နဲ့သေဖို့ပဲရှိပါတယ်ခင်ဗျ” လို့ ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီဟာ ဝေဟင်ဒရုန်းစစ်ဆင်ရေးတွေကို အကာကွယ်ဖို့အတွက် တပ်ရင်း၊တပ်စခန်းတွေနဲ့ ဌာနဆိုင်ရာရုံးတွေမှာလည်း ဒရုန်းဖြတ်စနစ်တွေ တပ်ဆင်ထားပေမယ့် ထိရောက်တဲ့ ကာကွယ်မှုတွေ လုပ်ဆောင်နိုင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ပေါ်ထွက်လာတဲ့ စစ်ကောင်စီရဲ့ လျို့ဝှက်အစီရင်ခံစာမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းစစ်ဆင်ရေးကို သတိထားရမှာဖြစ်ပြီး လုံခြုံရေးလစ်ဟာရင် စစ်ဆင်ရေး ကြောက်စရာကောင်းမယ်လို့ စစ်ခေါင်းဆောင်က သတိပေးဖူးပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ ပြည်သူလူထုရဲ့ တော်လှန်ရေး ရန်ပုံငွေတွေနဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက တော်လှန်ရေးတပ်ဖွဲ့တွေထံ ထောက်လှမ်းရေး၊ တိုက်ခိုက်ရေးနဲ့ ဝါဒဖြန့်ချိရေးအတွက် အသုံးပြုဖို့ Drone အစင်းရေ ၄၀၀ ကျော် ထောက်ပံ့ထားတယ်လို့ ပြီးခဲ့တဲ့ သြဂုတ်၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ လုံခြုံရေးကို အဓိကခြိမ်းခြောက်နေတဲ့ Federal Wings ဒရုန်းတပ်ဖွဲ့က လက်နက်မကိုင်ထားတဲ့ စစ်ကောင်စီလက်အောက် ဝန်ထမ်းတွေနဲ့မိသားစုဝင်တွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုတွေအနေနဲ့ သက်ဆိုင်ရာရုံးဌာန၊ တပ်စခန်း၊ ဝန်ထမ်းအိမ်ရာတွေကနေ စွန့်ခွာကြဖို့ စက်တင်ဘာလဆန်းပိုင်းမှာ သတိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Federal Wings

