မော်လမြိုင်၊ စက်တင်ဘာ(၉)

စက်တင်ဘာပထမအပတ်ကစပြီး ပြည်တွင်း ဒေါ်လာ၊ရွှေနဲ့ဘတ်ဈေးတွေ ဆက်တိုက်ကျဆင်းလာပေမယ့် ဈေးနှုန်းအဆမတန် မြင့်တက်နေတဲ့ အခြေခံစားသောက် ကုန်ဈေးနှုန်းတွေကတော့ ပြန်လည်ကျဆင်းခြင်း မရှိသေးဘူးလို့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်တွင်းဒေါ်လာဈေးနှုန်းဟာ စစ်ကောင်စီရဲ့ ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေမှုကြောင့် အမေရိကန်တစ်ဒေါ်လာကို ပြင်ပဈေးကွက်မှာ ကျပ် ၃၈၀၀ ကျော်အထိ ဈေးနှုန်း မြင့်တက်ခဲ့ပြီး အခုအခါမှာတော့ ကျပ် ၃၄၀၀ ဝန်းကျင်အထိ ဈေးနှုန်း ကျဆင်းလာတာပါ။

ဒါ့အပြင် တစ်ဘတ်ကို ကျပ် ၁၂၀ ဝန်းကျင်အထိ ပေါက်ဈေးရှိခဲ့တဲ့ ထိုင်းဘတ်ငွေဈေးကလည်း ကျပ် ၉၅ ဝန်းကျင်အထိ ပြန်လည်ကျဆင်းလားပြီး ပြည်တွင်းမီးလင်းအခေါက်ရွှေကတော့ ကျပ် ၃၉ သိန်းကနေ ကျပ် ၃၄ သိန်းကျော်အထိ ဈေးနှုန်း ဆက်တိုက်ကျဆင်းနေတာပါ။

ရွှေဈေးနှုန်းဟာ ဒေါ်လာဈေးနှုန်း ပြန်လည်ကျဆင်းလာတာ၊ ဈေးကွက်ထဲမှာတော့ ရှောင်တခင် ဖမ်းဆီးမှုတွေ ရှိနေတဲ့အတွက် အရောင်းအဝယ်အေးနေပြီး ဈေးနှုန်း ကျဆင်းလာတာဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒေါ်လာဈေးကို ပြန်ချတော့ ဒေါ်လာဈေးက မနေ့က(၃၄၀၀) ကျော်ပဲ ရှိတော့တယ်လေ။ အဲဒါကြောင့်မို့ ရွှေဈေးကလည်း ပြန်ကျတယ်။ (၃၄၇၀၀၀၀)လောက်ပဲ ရှိတော့တယ်ပေါ့နော်။ ရွှေဈေးက ဒေါ်လာနဲ့ကမ္ဘာ့ရွှေဈေးနဲ့ကိုမြှောက်ပြီး (၁.၈၇၅)နဲ့ စားတော့ ပြင်ပမှာဒေါ်လာဈေးကျသွားပြီးဆိုလို့ရှိရင် ရွှေဈေးကလည်း အော်တိုကျမှာပဲလေ။ ဒေါ်လာတက်သွားရင် ရွှေဈေးကလည်း အော်တိုတက်မှာဘဲလေ။ ဈေးကွက်ထဲမှာ ရှောင်တခင်ဖမ်းတာတို့၊ တရားမဝင်ရောင်းဝယ်တဲ့ဟာကို ဖမ်းတာ၊ စစ်တာတွေ လုပ်နေတဲ့အတွက်ကြောင့်မို့လို့ အရောင်းရော၊ အဝယ်ရောအေးတာပေါ့။ အရောင်းအဝယ် သမားတွေကလည်း အခေါက်တွေဘာတွေဆို အရောင်းအဝယ် မလုပ်ရဲဘူးပေါ့၊ အဲဒီလို အခြေအနေတော့ ရှိတာပေါ့”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက နိုင်ငံခြားငွေလွှဲ လုပ်ကိုင်သူတွေ၊ ရွှေရောင်းဝယ်သူတွေ တချို့ကို ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် ဒေါ်လာ၊ ဘတ်နဲ့ရွှေဈေးတွေ ကျဆင်းလာပေမယ့် အခြေခံစားသောက် ကုန်ဈေးနှုန်းတွေ ကျဆင်းခြင်းမရှိသေးတဲ့အပေါ် ဝေဖန်မှုတွေရှိနေတာပါ။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ ရွှေနဲ့ငွေဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာပေမယ့် ကုန်ဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာခြင်း မရှိတာကြောင့် မေးခွန်း ထုတ်စရာ ဖြစ်နေတယ်လို့ ဝေဖန်တာပါ။

“ဒေါ်လာဈေးကျလို့ ဘတ်ဈေးကျတာ၊ ဘတ်ဈေး (၈၀) လောက်ထိကျမှ ကိုယ်တွေကအလုပ်လုပ်ရတာ အဆင်ပြေမှာ။ မဟုတ်ရင်တော့ ဘယ်လိုမှအဆင်မပြေဘူး။ ငွေဈေးက အဓိကတော့ သူတို့ရဲ့မူဝါဒနဲ့ပဲဆိုင်တယ်။ ဈေးတက်ဖို့အတွက်ကို သူတို့ခွင့်ပြုပေးလိုက်လို့ရှိရင် တက်မှာပဲ။ ကျအောင်ခွင့်ပြုပေးရင် ကျမှာပဲ။ ဒီကြားထဲ ကုန်သည်တွေကတော့ အရှုံးအမြတ်တော့ရှိမှာပေါ့။ ဘတ်ဈေးတွေ၊ ဒေါ် လာဈေးတွေကျပေမယ့် ကုန်ဈေးနှုန်း ကျလာရင်တော့ အဆင်ပြေတာပေါ့။ ဆန်ဈေးတွေက ပြန်မကျနိုင်ဘူးဖြစ်နေတာ၊ ဆီဈေးတွေကလည်း ပြန်မကျနိုင်ဘူး ဖြစ်နေတာ။ အတက်မှာဘဲ အကုန်လုံးက ဒီအတိုင်းတည်နေတာ။ ဘတ်ဈေး၊ ဒေါ်လာဈေး၊ ရွှေဈေးတွေကျပေမယ့် ကုန်ဈေးနှုန်းဘာလို့မကျလဲဆိုတဲ့ဟာကို ကိုယ့်တို့မေးခွန်းထုတ်စရာရှိတာပေါ့။ ကုန်ဈေးနှုန်းက ဘယ်သူမှမချဘူး။ ဆန်ဈေးဆီဈေးတွေ ဘယ်သူမှမချဘူး။ ဆန်ကုန်သည်ကြီးတွေကိုလည်း သူတို့မထိန်းနိုင်သေးဘူး။ ဆီဈေးတွေလည်း မထိန်းနိုင်သေးဘူး”လို့ ဆိုပါတယ်။

ရွှေနဲ့ငွေဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာပေမယ့် ပြည်တွင်းဆန်ဈေးကွက်မှာ ရွှေဘိုပေါ်ဆန်မွှေး တစ်အိတ်ကို ကျပ်တစ်သိန်းခွဲဝန်းကျင်မှာ ဆက်ရှိနေသလို ဆန်ကြမ်းအုပ်စုဝင် ဧည့်မထကလည်းတစ်အိတ်ကို ကျပ်ခုနှစ်သောင်းကျော်နဲ့ အမြင့်ဈေးမှာပဲ ရှိနေတာပါ။

ဒါ့အပြင် တခြားအခြေခံစားသောက်ကုန်တွေကလည်း ပစ္စည်းတမယ်ကို အရင်ဈေးနှုန်းထက် ၁၀ ရာ ခိုင်နှုန်း ကနေ ၃၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းဆက်လက်မြင့်တက်နေဆဲဖြစ်တယ်လို့ ကုန်သည်တွေထံကနေ သိရပါတယ်။

ဆန်အပါအဝင် အခြေခံစားသောက်ကုန်ဈေးတွေ အဆမတန် မြင့်တက်နေတာဟာ စီးပွားရေးလုပ် ငန်းရှင်တွေနဲ့ ငွေကြေးဈေးကစားသူတွေကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီဘက်က အပြစ်ဖို့နေတာပါ။

လက်ရှိမှာလည်း စစ်ကောင်စီဟာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်း ကျဆင်းဖို့အတွက် ကော်မတီတွေ ဖွဲ့စည်းထားပေမယ့် ကုန်ဈေးနှုန်း ပြန်လည်ကျဆင်းလာအောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.