သထုံ၊ စက်တင်ဘာ(၉)
မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်နေ ဒေသခံလင်မယား ၂ ဦးကို တယ်လီဂရမ်ချန်နယ်တွေမှာ စစ်တပ်ထောက်ခံသူတွေ ဖမ်းဆီးခိုင်းခဲ့တဲ့အတွက် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့က သိမ်ကုန်းရပ်ကွက်နေ အ သက် ၃၁ နှစ်အရွယ် ကိုမင်းဇေယျာချိုနဲ့ အသက် ၃၄ နှစ်အရွယ် မဟန်ကျော်သက်တို့ နေအိမ်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါ။
ဖြစ်စဉ်မှာဇနီးဖြစ်သူ မဟန်ကျော်သက်ဟာ NUG ထောက်ပို့ဖြစ်သူ မပန်ဆယ်လိုရဲ့ ပို့စ်အောက်မှာ ကွန်မန့်ဝင်ရောက် ရေးသားမှုအပေါ် စစ်တပ်ထောက်ခံသူတွေက စအလယ်အဆုံး အနီရဲရဲတောက်တွေဖြစ်တယ်ဆိုပြီး ဖမ်းဆီးဖို့လှုံ့ဆော်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။
ဖမ်းဆီးသွားတဲ့ ဒေသခံလင်မယား ၂ ဦးကို စစ်ကြောရေးသို့ ပို့ဆောင်ထားပြီး စက်တင်ဘာ ၈ ရက်နေ့ထိ မိသားစုဝင်တွေနဲ့ အဆက်သွယ်မရသေးဘူးလို့ ဆိုပါတယ်။
ဖမ်းဆီးခံလင်မယား ၂ ဦးဟာ သထုံမြို့မဈေးမှာ ”လင်းလက်အရုပ်နဲ့စာရေးကိရိယာ အရောင်းဆိုင်” ဖွင့်လှစ်ထားသူတွေဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်ထောက်ခံသူ တယ်လီဂရမ်ချန်နယ်တွေမှာ ဖမ်းဆီးခံရတဲ့ လင်မယား ၂ ဦးဟာ တပ်၊ ရဲနဲ့ဝန် ထမ်းမိသားစုဝင်တွေကို စောင့်ကြည့်နေပြီး သတင်းရယူကာ PDF တွေထံ သတင်းပေးနေသူတွေ ဖြစ်တယ်လို့ ဝါဒဖြန့်တာတွေ ရှိနေပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

