လက်ခတ်တောင်စခန်းကုန်းကို ပြန်သိမ်းဖို့လာတဲ့ စစ်ကောင်စီတပ် အထိနာပြီးပြန်ဆုတ်သွားရ

0
1280

မြဝတီ၊ သြဂုတ်(၂၆)

လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ တစ်လအကြာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဟာ ထိခိုက်သေဆုံးမှုများပြားစွာနဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်စိုးမိုးထားတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ မြေပြင်၊ ဝေဟင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် တစ်လပြည့်တဲ့အထိ သိမ်းပိုက်လို့မရဘဲ ပြန်ဆုတ်သွားခဲ့ရတာပါ။

ဆုံးရှုံးထားရတဲ့ လက်ခတ်တောင်စခန်းကုန်းကို ပြန်သိမ်းဖို့အတွက် စစ်ကောင်စီရဲ့ တပ်မ(၄၄) တပ်မမှူး တိုက်ရိုက်ညွန်ကြားမှုနဲ့ ခမရ(၂)၊ ခမရ(၁၁၈) စုပေါင်းထုတ်နှုတ်အင်အား(၁၀၀)ကျော်နဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ ကစပြီး ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်ဟာ တစ်လအတွင်း ၁၀ ကြိမ်အထိ ထိုစစ်ဆင်းလာပေမယ့် လက်ခတ်တောင် ခြေနားအထိတောင် မကပ်နိုင်တာဘဲ ထိခိုက်သေဆုံးမှု များပြားစွာနဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ဆိုပါတယ်။

KNU တပ်မဟာ(၆)နယ်မြေထဲမှာရှိနေတဲ့ စစ်ရေးဗျူဟာအရ အရေးပါပြီး စစ်ကောင်စီတပ်အင်အား ၆၀ နီးပါးရှိတဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို KNLA ကော်ဘရာစစ်ကြောင်း တော်လှန် ရေးအင်အားစုအဖွဲ့တွေက ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာပါ။

လက်ခတ်တောင်တိုက်ပွဲအတွင်း ဆုတ်မိန့်မရဘဲ တပ်ဆုတ်ခွာထွက်ပြေးသွားခဲ့တဲ့ စစ်ကောင်စီရဲ့ ခမရ(၂) တပ်ရင်းက တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးတို့ကို အာဏာ ဖီဆန်မှုနဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က အကျဉ်းထောင်မှာ စစ်ကောင်စီက အပြစ်ပေးထောင်ချထားတယ်လို့ ဗိုလ်ဒါဘောက ပြောဆိုထားပါတယ်။

လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းမှာ အခုလအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၇ ဦးသေဆုံးကာ ၃၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်ရဲ့ ဩဂုတ် ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ခတ်တောင်ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေအတွင်း စစ်ကောင်စီရဲ့ တပ်မ(၄၄) လက်အောက်ခံ ခမရ(၁၁၈)တပ်ရင်းက တပ်ဖွဲ့ဝင် ၂ ဦး၊ နယ်ခြားစောင့်တပ်က တပ်သားတစ်ဦးတို့ဟာ လက်နက်ခဲယမ်းနဲ့တကွ KNLA ပူးပေါင်းတပ်ဖွဲ့ဆီကို လာရောက်ပူးပေါင်း အလင်းဝင်ရောက်လာခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.