ရန်ကုန်၊ ဇူလိုင်(၆)
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်အဖြစ် နီပွန်ဖောင်ဒေးရှင်းဥက္ကဌ ဆာဆာကာဝါရဲ့ မြန်မာငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ကြိုးပမ်းနေမှုပေါ် NCA လက်မှတ်ရေးထိုးထားတဲ့ EAO ၇ ဖွဲ့ က ထောက်ခံတယ်လို့ ဇူလိုင် ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဆာဆာကာဝါ ဦးဆောင်တဲ့ နီပွန်ဖောင်ဒေးရှင်းဟာ တိုင်းရင်းသားဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့သစ်စီမံကိန်းတွေ ထောက်ပံ့တာ၊ စာသင်ကျောင်းတွေ ထောက်ပံ့တာ၊ ဆေးရုံတွေထောက်ပံ့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
လူသားချင်းစာနာမှုအကူအညီတွေမှာလည်း မိမိတို့ NCA-S EAO ၇ ဖွဲ့ရဲ့ နယ်မြေတွေမှာ အခြေခံရိက္ခာဆန်ဖြန့်ဝေပေးမှုကို ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ဆန်အိတ်ရေ ၆၄,၀၀၀ ဖြန့်ဝေနိုင်ခဲ့ပြီး ၂၀၂၃ – ၂၀၂၄ ခုနှစ်အတွက် ဆက်လက်ဖြန့်ဝေဖို့ စီစဉ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါကြောင့် အရင်အစိုးရအဆက်ဆက်ကတည်းက မိမိတို့ တိုင်းရင်းသားနယ်မြေအတွင်းရှိ IDPs တွေ၊ စစ်ပြေးစစ်ရှောင်တွေနဲ့ ဒုက္ခသည်တွေ ကူညီပံ့ပိုးပေးနေတဲ့ ပုဂ္ဂိုလ်ကြီးနဲ့ သူ့ရဲ့အဖွဲ့အစည်းဖြစ်တဲ့ နီပွန်ဖောင်ဒေးရှင်းကို တက်ကြွလှုပ်ရှားသူဖြစ်တဲ့ ပုဂ္ဂိုလ်အချို့ရဲ့ တိုက်ခိုက်ထိုးနှက်နေမှုအပေါ် NCA-S EAO ၇ ဖွဲ့အနေနဲ့ ကန့်ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်ထားတာပါ။
ထုတ်ပြန်ချက်ပါ ကိစ္စရပ်နဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေ ဆက်သွယ်ဖို့ ဖော်ပြထားတဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာရဲ့ ထိုင်းဖုန်းနဲ့မြန်မာဖုန်း နံပါတ်နှစ်ခုကို သံလွင်တိုင်းမ်က ၅ ကြိမ်ထက်မနည်း ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။
ထုတ်ပြန်ချက်မှာတော့ အခုချိန်ဟာ မိမိတို့ ပဋိပက္ခဒဏ်ခံစားနေတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ အကျိုးအတွက် နီပွန်ဖောင်ဒေးရှင်းနဲ့ ဥက္ကဌ ဆာဆာကာဝါကို အပြည့်အဝထောက်ခံကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NCA-S EAO ၆ ဖွဲ့က လက်မှတ်ထိုး ဆန္ဒပြုကြတယ်လို့ ဖော်ပြထားတာပါ။
လက်မှတ်ထိုးဆန္ဒပြုကြတဲ့ အပစ်ရပ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှာတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA PC) ၊လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၊ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ဖြစ်ပါတယ်။
အဲဒီအပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၅ ကြိမ်ထက်မနည်း တက်ရောက်ဆွေးနွေးထားကြပြီး အဲဒီထဲမှာ ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) လည်း ပါဝင်ပါတယ်။
သတင်း-သံလွင်တိုင်းမ်
ဓာတ်ပုံ-(ပုံဟောင်းဖြစ်ပါသည်) နီပွန်ဖောင်ဒေးရှင်း

