ကယားမှာ စစ်ကောင်စီလေယာဉ်ပစ်ချခံရတဲ့ပုံတွေ KNPLF ထုတ်ပြန်

0
2054

ဘောလခဲ – ဇူလိုင်(၆)

ကယားပြည်နယ်၊ ဘောလခဲမြို့နယ် ရွာသစ်မြို့နယ် တိုက်ပွဲအတွင်း ပစ်ချခံခဲ့ရတဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်နေရာကို ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး – ကလလတ ၉၄၂၂ တပ်ရင်းက ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

စစ်ကောင်စီတိုက်လေယာဉ်ပျက်ကျခဲ့တဲ့ နေရာကို ဒရုန်းနဲ့ ဓာတ်ပုံရိုက်ကူးခွင့်ရရှိခဲ့ပြီး လေယာဉ်ပျက် အပိုင်းအစတွေတော့ မရှိတော့ဘူးလို့ ကလလတ-၉၄၂၂ တပ်ရင်းက ဇူလိုင်လ(၅) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာပါ။

လက်ရှိအချိန်ထိ စစ်ကောင်စီဘက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ပြန်လာတာမရှိသေးပေမယ့် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ ငြင်းဆိုတာတွေရှိနေပါတယ်။

စစ်ကောင်စီရဲ့ ပျက်ကျခဲ့တဲ့ လေယာဉ်အမျိုးအစားကိုတော့ အခုချိန်ထိမသိရသေးဘူးလို့ KNPLF အထွေထွေအတွင်းရေးမှူး ဦးလောရင်းစိုးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

“ကျွန်တော်တို့ရဲဘော်တွေမျက်မြင်သက်သေရှိပါတယ်။ပျက်ကျသွားတယ်ဆိုတာကိုမျက်မြင် သက်သေတွေကြောင့်ပြောရတာပါ။ လေယာဥ်အမျိုးအစားကတော့အခုထိမသိရသေးပါဘူး။ ပစ်ချခဲ့တဲ့လက်နက်အမျိုးအစားကလဲ အခုတော့ပြောလို့မရသေးပါဘူး။” လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၃၀) ရက်နေ့က တာဆန်းလဲကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီလေယာဉ်တစ်စင်း ကိုကာကွယ်ရေးတပ်တွေက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဇွန်လအလယ်ပိုင်းကစပြီး ထိုင်း-ကယားနယ်စပ်မှာ စစ်ကောင်စီ BGF ကနေ အသွင်ပြောင်းလာတဲ့ KNPLF တပ်ဖွဲ့ဟာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပါတယ်။

ကယားပြည်နယ်မှာ ဒီနှစ်အတွင်း စစ်ကောင်စီရဲ့ လေယာဉ်တွေကို ပြန်လည်တိုက်ခိုက်တာ ဒုတိယအကြိမ်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ နှစ်စပိုင်းမှာ ရိက္ခာလာပို့တဲ့ စစ်ကောင်စီ ရဟတ်ယာဉ်ကို တော်လှန်ရေးပူးပေါင်းတပ်က ဝိုင်းဝန်ပစ်ခတ်ခဲ့လို့ ရဟတ်ယာဉ်ဆင်းသက်မရဘဲ ပြန်လည် ပျံတက်သွားတဲ့ ဖြစ်စဉ်တွေရှိခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNPLF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.