တရုတ်မြို့ကြီးတွေမှာ စံချိန်ကျိုးအောင်ပူနေပြီး ဆက်လက်မြင့်တက်ဖွယ်ရှိနေ

0
3087

ဘေဂျင်း၊ မေ(၁၆)

တရုတ်နိုင်ငံရှိ မြို့ကြီးတွေမှာ လျှပ်စစ်မီးရရှိမှု၊ ကောက်ပဲသီးနှံတွေနဲ့  စီးပွားရေးကို ခြိမ်းခြောက်နိုင်တဲ့ စံချိန်တင် အပူချိန် နောက်ထပ်တစ်နှစ်အထိ ကြုံတွေ့နေရတာကြောင့် အပူချိန် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။ 

တရုတ်နိုင်ငံဟာ  မတ်လကတည်းက ဒေသအများအပြားမှာ အပူလှိုင်းဒဏ်ကို ခံစားခဲ့ရတာဖြစ်ပြီး ရာသီဥတု အေးလို့ နာမည်ကျော်လူသိများတဲ့ အနောက်တောင်ဘက် ယူနန်ပြည်နယ်မှာတောင် မကြာသေးမီက အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်အထိ ကြုံတွေ့ခဲ့ရတာပါ။ အိမ်ခြေသန်းပေါင်းများစွာက လေအေးပေးစက်တွေ ဖွင့် ထားခဲ့ကြတာကြောင့် မဟာဓာတ်အားလိုင်းဟာလည်း ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့ရပါတယ်။ 

အရှေ့ပိုင်းပြည်နယ် ရှန်ဒေါင်းနဲ့ ဘေဂျင်းတို့မှာလည်း အပူချိန်သတိပေးချက်ထုတ်ပြန်ထားပြီး မြောက်ဘက်နဲ့ ဗဟိုချက်မှာရှိနေတဲ့ ဇမ်းဇူတို့ကတော့ အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထား တာဖြစ်ပါတယ်။ 

အပူလှိုင်းတွေဟာ ပုံမှန်နွေရာသီမတိုင်မီ ဖြစ်ပေါ်တဲ့အတွက် အဓိကအားဖြင့် စိုက်ပျိုးရေးအတွက် အထူးစိုး ရိမ်စရာဖြစ်တယ်လို့ ဆိုပါတယ်။ 

သီးနှံပျက်စီးမှုကြောင့် အစားအစာဈေးနှုန်းကို မြင့်တက်စေကာ ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားစေ တာဖြစ်ပါတယ်။ ဒါ့အပြင်သုံးနှစ်တာ ကိုဗစ်သုညမူဝါဒမှ ပြန်လည်တွန်းလှန်ဖို့ ကြိုးပမ်းနေတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးအပေါ် ဖိအားတွေ သက်ရောက်စေနိုင်တာလည်း ဖြစ်ပါတယ်။ 

ယူနန်ပြည်နယ်မှာတော့ ဧပြီလ ၂၀ ရက်နေ့အထိ တစ်နှစ်တာ မိုးရေချိန် (၃၅) မီလီမီတာသာ ရွာသွန်းခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်း CCTV က ဖော်ပြခဲ့ပြီး ခရိုင်မြို့တော်ကူမင်းမှာတော့ မိုးရေချိန် (၈) မီလီမီတာအောက်သာ ရှိခဲ့တဲ့အတွက် မိုးရွာချိန်စတင်ကတည်းက အနိမ့်ဆုံးအမှတ်ဖြစ်တယ်လို့ ဖော်ပြပါတယ်။  

အပူချိန်ဟာ ရေသိုလှောင်မှုအပေါ် ဖိအားတွေ ထပ်မံသက်ရောက်စေနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က နှစ်လကြာ စံချိန်တင်အပူချိန်တွေ မြင့်တက်မှုကြောင့် မြစ်ကြီးတွေနဲ့ ရေလမ်းတွေခန်းခြောက်သွားကာ ယန်ဇီမြစ်ကို ထိခိုက် စေခဲ့တာဖြစ်ပါတယ်။ 

မိုးခေါင်ရေရှားမှု အရေးပေါ်အခြေအနေတွေကို သုံးသပ်ကြည့်ရှုဖို့ အစိုးရရဲ့ အမျိုးသားမီးသတ်နဲ့ ကယ်ဆယ်ရေး ဗျူရိုက မေလ (၁၄) ရက်နေ့ ညီလာခံတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ 

မိုးလေဝသပညာရှင်တွေကတော့  ရာသီဥတုဆိုးရွားမှုကြောင့် ကမ္ဘာကြီးပူနွေးလာမှုကို ထောက်ပြကြပြီး ကမ္ဘာ့ မိုးလေဝသအဖွဲ့ (WMO)ရဲ့ နောက်ဆုံးအကဲဖြတ်မှုမှာ အခုနှစ်နှောင်းပိုင်းအတွင်း ပြန်လည်ရောက်ရှိလာတဲ့ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ရဲ့  ပြင်းထန်တဲ့အလားအလာကိုလည်း အကဲဖြတ်ခဲ့ပြီး အပူထပ်တိုးလာဖွယ် ရှိတယ်လို့ ဆိုပါတယ်။ 

“အယ်လ်နီညို ဖြစ်ပေါ်မှုဟာ ကမ္ဘာလုံးဆိုင်ရာ အပူရှိန်မြင့်တက်မှုအသစ်ဆီသို့ ဦးတည်သွားစေပြီး အပူချိန်စံ ချိန်သစ်တွေကို ချိုးဖျက်နိုင်မယ့် အလားအလာတိုးလာမှာဖြစ်တယ်” လို့ WMO အထွေထွေအတွင်းရေးမှူး ပတ်ထရီက ပြောကြားခဲ့ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.